နေပြည်တော် ဇူလိုင် ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံး ကျောင်းနှင့် အောင်ချက်အကောင်းဆုံးမြို့နယ်များအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဂုဏ်ပြုအမှာစကားပြောကြားရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှုသည် ၂၀၂၂ ခုနှစ်တွင် ၄၇ ဒသမ ၁၈ ရာခိုင်နှုန်းရှိပြီး ယခုနှစ် ၂၀၂၃ ခုနှစ်တွင် ၆၃ ဒသမ ၈၆ ရာခိုင်နှုန်းရှိရာ ယခုနှစ်တွင် အောင်ချက်ရာခိုင်နှုန်း တိုးလာသည်ကိုတွေ့ရကြောင်း၊ အောင်ချက်ရာခိုင်နှုန်း မြင့်မားလာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသည့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ သင်ကြားပေးခဲ့ကြသည့် ဆရာ၊ ဆရာမများ၊ ကြိုးစားခဲ့ကြသည့် ကျောင်းသား ကျောင်းသူများကို ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတော်တွင် ကျင့်သုံးလျက်ရှိသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေခံများနှင့် လိုက်လျော ညီထွေမှုရှိပြီး နိုင်ငံတကာပညာရေးနှင့် ရင်ပေါင်တန်းနိုင်သည့် အခြေခံပညာရေးစနစ် ဖြစ်ထွန်းလာ   စေရေး၊ နိုင်ငံသားတိုင်း အခြေခံပညာကို ကောင်းစွာတတ်မြောက်ပြီး တိုးတက်ပြောင်းလဲလာသည့် သိပ္ပံနှင့်နည်းပညာများ အကူအညီဖြင့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်အဖြစ် တည်ဆောက်ကာကွယ်နိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရေး၊ လူမှုစီးပွားရေး ကဏ္ဍအသီးသီးတွင် ထိုးထွင်းကြံဆမှုနှင့် တီထွင်ဖန်တီးမှု အရည်အသွေးပြည့်ဝစွာဖြင့် စွမ်းဆောင်နိုင်သူများ ပေါ်ထွန်းလာစေရေး၊ ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ် ရင့်သန်ခိုင်မာပြီး ရိုးရာယဉ်ကျေးမှု အစဉ်အလာများကို ထိန်းသိမ်းစောင့် ရှောက်နိုင်စွမ်းရှိသည့် နိုင်ငံသားကောင်းများပေါ် ထွန်းလာစေရေး၊ ကျန်းမာကြံ့ခိုင်ပြီး စာရိတ္တကောင်းမွန်သည့် ဘက်စုံပညာ ပြည့်ဝသူများ ပေါ်ထွန်းလာစေရေး၊ မိမိဘဝနှင့် လူမှုအဖွဲ့အစည်းအတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းဆောင်နိုင်သည့် ကမ္ဘာ့လူရည်မွန်များ ပေါ်ထွန်းလာစေရေး၊ တစ်သက်တာသင်ယူမှုနှင့် စဉ်ဆက်ပညာရေး (Life Long Learning and Continuing Education)၏ အကျိုးတရားကို နားလည်လက်ခံပြီး နိုင်ငံတော်နှင့် မိမိဘဝအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် အစဉ် လေ့လာသင်ယူနေသော အဖွဲ့အစည်းအဖြစ် ပေါ်ထွန်းလာစေရေး၊ မြို့ပေါ်နှင့် ကျေးလက်ဒေသများတွင် လေ့လာသင်ယူမှု အခွင့်အလမ်းများ တစ်ပြေးညီရရှိပြီး အသက်မွေးဝမ်းကျောင်း ပညာအခြေခံရွေးချယ်သင်ယူနိုင်စေရေးနှင့် အခြေခံပညာကျောင်း များသည် ဒေသတစ်ခု၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု ပင်မဌာနများ အဖြစ်ပေါ်ထွန်းလာစေရေးဆိုသည့် အခြေခံပညာကဏ္ဍ နှစ်ရှည်စီမံကိန်း မျှော်မှန်းချက်များကို အားလုံးဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ပေးကြ စေလိုကြောင်းပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အောင်ချက်အကောင်းဆုံးမြို့နယ် သုံးမြို့နယ်  နှင့်ခြောက်ဘာသာဂုဏ်ထူးရရှိကြသည့် ကျောင်းသား/ ကျောင်းသူ သုံးဦးတို့ကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော် မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက ခြောက်ဘာသာ၊ ငါးဘာသာ၊ လေးဘာသာဂုဏ်ထူးရရှိကြသည့် ကျောင်းသား/ကျောင်းသူများ၊ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်ချက် အကောင်းဆုံးကျောင်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရွှေနံသာနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့သည့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရွှေနံသာမှ ဆရာမတစ်ဦးတို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးရှင် ၆ ဦး၊ ငါးဘာသာ ၂၅ ဦး၊ လေးဘာသာ ၄၇ ဦး၊ သုံးဘာသာ ၁၂၅ ဦး၊ နှစ်ဘာသာ ၂၇၉ ဦး၊ တစ်ဘာသာ ၉၈၅ ဦး စုစုပေါင်းဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ ၁၄၆၇ ဦးရှိပြီး အောင်ချက်အကောင်းဆုံးပထမဆုရ ဒက္ခိဏသီရိမြို့နယ်၊ ဒုတိယဆုရ ပျဉ်းမနားမြို့နယ်နှင့် တတိယဆုရ တပ်ကုန်းမြို့နယ်၊ အောင်ချက်အကောင်းဆုံးဆုရ အခြေခံပညာ အထက်တန်း(ခွဲ) ရွှေနံသာကျောင်း ကျောင်းနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့သည့် အခြေခံပညာအထက် တန်းကျောင်း(ခွဲ)ရွှေနံသာမှ ဆရာမတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်