နေပြည်တော် ၆ သြဂုတ်
နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်းဝိုင်းအနီး ထာဝရငြိမ်းချမ်းရေးစေတီတော် ပရိဝုဏ်အတွင်း တည်ထားကိုးကွယ်မည့် ထာဝရ ငြိမ်းချမ်းရေးစေတီတော် တည်ဆောက်ရေးအတွက် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဆိုင် မြို့ မြောက်မင်းဆီ သာသနာပြုကျောင်းမှ ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသုဘန(ဆူးဆန်းလီ)မှ အလှူငွေကျပ်သိန်း ၇၀ဝ ပေးအပ်လှူဒါန်းပွဲအခမ်းအနား ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုကြီး၏ ဧည့်ခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က အလှူငွေများ လက်ခံရယူခဲ့သည်။
အလှူတော်ငွေ ပေးအပ်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ သာသနာ ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ကြသည်။
(သတင်းစဉ်)


