နေပြည်တော် စက်တင်ဘာ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာအုပ်စု၊ တံတားဦး ကျေးရွာအတွင်းရှိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရာ လူနာအိမ်နှင့် ကျေးရွာအတွင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို စက်တင်ဘာ ၁၅ နှင့် ၁၆ ရက်များတွင် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်မှုများကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး၊ ဒေါက်တာသန်းနိုင်စိုး၊ ညွှန်ကြားရေးမှူး၊ ဒေါက်တာအေးအေးမာနှင့် ပုဗ္ဗသီရိမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာသိမ့်သိမ့်ထွေး တို့ ပါဝင်သောအဖွဲ့က သွားရောက်၍အားပေးကြည့်ရှုသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်မှုတွင် ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်စုနှင့် ကျေးရွာ အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက် ကြပြီး ခြင်ကျားပိုးလောက်လမ်း သေဆေး(အဘိတ်)ခပ်ခြင်း အပါအဝင် ပိုးလောက်လန်းစစ်ဆေး နှိမ်နင်းပေးသည့် နေအိမ် (၃၉၃)လုံး၊ ဆေးမှိုင်းမှုတ်ခြင်း ဆောင်ရွက်သည့် နေအိမ်(၄၅)လုံး၊ လူဦးရေ (၁၃၅၉)ဦးတို့ကို လွှမ်းခြုံဆောင်ရွက်ပေးနိုင်ခဲ့ပြီး အပတ်စဉ် သွေးလွန်တုပ်ကွေးရောဂါကာကွယ် ရေးလုပ်ငန်းများကို ဆက်လက်၍ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်