နေပြည်တော် စက်တင်ဘာ ၁၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ရေဆင်းနှင့် ပေါင်းလောင်းရေလှောင် တမံများ၊ ပင်လောင်းလမ်းဆုံနေရာ၊ ဆင်သေချောင်းနှင့် ငလိုက်ချောင်းများသို့သွားရောက်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်နေမှုကို ထိန်းသိမ်းစီမံဆောင်ရွက်နေမှု၊ တမံများ၏ကြံ့ခိုင်မှုအခြေအနေ စောင့်ကြည့်စီမံနေမှုနှင့် ချောင်းများ၏ ရေစီးဆင်းမှုအခြေ အနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ချောင်းရေမြင့်တက်လာမှုကြောင့် ချောင်းဧရိယာ အတွင်းနှင့် အနိမ့်ပိုင်းနေရာများတွင် ရေဝင်ရောက်မှုများရှိနိုင်ပါက ကြိုတင်အသိပေး ကြေညာမှု များဆောင်ရွက်ရန်၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား မှာကြားသည်။
ယနေ့နံနက် ၆ နာရီ ရေမှတ်တိုင်းတာမှုများအရ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ရေလှောင်တမံများအနက် ပေါင်းလောင်းရေလှောင်တမံတစ်ခုသာ ရေပိုလွှဲမှ (၆ ဒသမ ၀၆) ပေ ရေကျော်စီး ဆင်းနေပြီး အဓိကရေလှောင်တမံများဖြစ်သော ဆင်သေရေလှောင်တမံတွင် (၁၉) ပေခန့်၊ ချောင်း မငယ်ရေလှောင်တမံတွင် (၅) ပေခန့်၊ မဒန်းရေလှောင်တမံတွင် (၁၁) ပေခန့်၊ ရေဆင်းရေလှောင် တမံတွင် (၈) ပေခန့်ရှိကာ ကန်ရေပြည့်အမှတ်သို့ရောက်ရှိရန် လိုအပ်နေပြီး ငလိုက်တမံတွင် ကန်ရေပြည့်အမှတ်သို့ ရောက်ရှိနေကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးက ယခုရက်များအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်း၊ တောင်ကျ ရေများ စီးဝင်လာနိုင်ခြင်းတို့ကြောင့် ရေလှောင်ပမာဏသေးငယ်သော တမံငယ်များတွင် ရုတ်တရက် ရေအလုံးအရင်းဖြင့် ဝင်ရောက်မှုများဖြစ်လာနိုင်သဖြင့် တာဝန်ရှိသူများက အနီးကပ် စဉ်ဆက်မပြတ် စောင့်ကြည့်စီမံမှုများ ဆောင်ရွက်ရန်နှင့် ရေလှောင်တမံများအတွင်း ရေဝင်ရောက်မှုကို အချိန်နာရီစဉ်အလိုက် ရုံးချုပ်သို့ တင်ပြရန် မှာကြားသည်။
အလားတူ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ရှမ်းကုန်းပြင်မြင့်နှင့် ဆက်စပ်တည် ရှိနေသော ရမည်းသင်းခရိုင်ရှိ ကျီးနီကန်နှင့် ကတင်ကန်တို့၏ ရေဝင်ရောက်မှုများ၊ မိတ္ထီလာခရိုင် အတွင်းရှိ ဆည်ကန်များ၏ ရေဝင်ရောက်မှုများ၊ ဆည်ကန်များတွင် ထိန်းသိမ်းစီမံဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးပြီး ဆည်တမံများအလိုက်၊ တူးမြောင်းများအလိုက် တာဝန်ရှိသူ အဆင့်ဆင့်ကို စောင့်ကြည့် တာဝန်ပေးအပ်ထားသည်။
လတ်တလောဖြစ်ပေါ်နေသည့် လေပွေလှိုင်းများဖြတ်သန်းရာဒေသများနှင့် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြစ်များ၊ ချောင်းများတွင် ရေစီးဆင်းမှု များပြားခြင်း၊ ရေလှောင်တမံများတွင် ရေဝင်ရောက်မှုများလာခြင်းတို့ကြောင့် သဘာဝဘေး အန္တရာယ် ဖြစ်ပေါ်လာနိုင်ခြင်းအပေါ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက အနီးကပ်စောင့်ကြည့်စီမံမှုများ ဆောင်ရွက်လျက်ရှိပြီး ရေကြီးရေလျှံမှု အခြေအနေများဖြစ်ပေါ်နိုင်သည့် ဒေသများ၌ ဒေသခံပြည်သူများသို့ ကြိုတင်အသိပေးကြေညာခြင်း၊ ရေဘေးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီ သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်


