နေပြည်တော် ဩဂုတ် ၂၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်း သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စု နယ်မြေနေပြည်တော်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန ရင်သွေးရတနာ မူလတန်းကြိုကျောင်း၊ တော်ဝင်ရတနာ မူလတန်းကြိုကျောင်း၊ နေပြည်တော် ကလေးပြုစုရေးဌာနနှင့် အမျိုးသားလွှတ်တော် မူလတန်းကြိုကျောင်းတို့သို့ သွားရောက်၍ ကလေးငယ်လေးများအား သင်ကြားလေ့ကျင့်နေမှု၊ ကျွေးမွေးစောင့်ရှောက်မှု၊ ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်၊ သင်ယူရာနေရာများကို ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးက မူလတန်းကြိုကျောင်းများတွင် ကလေးငယ်များ၏ ကျန်းမာ ရေးအတွက် အာဟာရပြည့်ဝစွာကျွေးမွေးနိုင်ရေး ဦးစားပေးဆောင်ရွက်ရန်၊ နေ့လယ်စာနှင့် ဖြည့်စွက်အာဟာရတို့ ချက်ပြုတ်ပြင်ဆင်ကျွေးမွေးရာတွင် သန့်ရှင်းမှုရှိစေရေးအထူး အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကလေးငယ်များအား လက်ကို စနစ်တကျဆေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် သင်ကြားလေ့ကျင့်ပေးရမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကလေးများ၏ဖွံ့ဖြိုးမှုနှင့် သင်ကြားနေမှုတို့ကို ကြည့်ရှုပြီး ကလေးငယ်များသည် အနာဂတ်နိုင်ငံ့ခေါင်းဆောင်များ၊ တိုင်းပြည်၏ အဖိုးတန်ရတနာများဖြစ်၍  သင်ယူမှုပတ်ဝန်းကျင်ကောင်းမွန်စွာဖြင့် အခြေခံအလေ့အကျင့်ကောင်းများ ရရှိစေရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး မူလတန်းကြိုကျောင်းများနှင့် ကလေးပြုစုရေးဌာနတို့ရှိ ဝန်ထမ်းများ၊ ကလေးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး၍ အလှူငွေများ လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်