ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီ ပွဲတော်အခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ ၁၅

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက် ၈ နာရီခွဲ တွင် ဇေယျာသီရိမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

ဦးစွာ ပညာရေးစုံညီပွဲတော်မုခ်ဦးအား ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူး ဦးအောင်ဆွေဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ 

 

mdn

 

ထို့နောက် အခမ်းအနားဒုတိယပိုင်း အစီအစဉ်ကို အဆိုပါကျောင်း၏ အားကစား ခန်းမ၌ကျင်းပရာ ဇမ္ဗူသီရိမြို့နယ် အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်းသား/ သူများက “စုံညီပွဲတော် တို့နွှဲပျော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇော်ဝင်းက နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိကြသည့် ဌာနဆိုင်ရာ ဧည့်သည်တော်များနှင့် ပညာရေးမိသားစု များကို ယခုလို စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် တွေ့ဆုံရသဖြင့် ဝမ်းမြောက်ရပါကြောင်း၊  အရည်အချင်း ပြည့်ဝသည့်လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် အခြေခံပညာရေးသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ အခြေခံပညာကျောင်းများ၊ ရုံးများ တွင် သင်ကြားသင်ယူမှုဆိုင်ရာ ဦးဆောင်မှု၊ လေ့ကျင့်သင်ကြားမှု၊ နည်းလမ်းပေး လမ်းညွှန်မှု ဆိုင်ရာကျွမ်းကျင်မှုများ ပိုမိုဖွံ့ဖြိုးလာစေရန် အရေးကြီးပါကြောင်း၊ နိုင်ငံတော်၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်ကို အခြေခံပြီး သင်ရိုးညွှန်းတမ်းများကို လက်တွေ့ ဘဝနှင့်ဆက် စပ်ပြောင်းလဲ ဖြည့်ဆည်းသင်ကြားပေးနေပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် ပညာရေး ဝန်ထမ်းများနှင့် ကျောင်းသားလူငယ်လေးများ၏ ကြိုးစားအားထုတ်မှု၊ ထူးချွန်မှုများကို အမြဲမပြတ် အသိအမှတ်ပြု အားပေးဂုဏ်ပြုလျက်ရှိပါကြောင်း၊ ထူးချွန် ဆရာဆရာမ၊ ကျောင်းသားကျောင်းသူများကို ပြည်တွင်းပြည်ပ လေ့လာရေးများ၊ ပညာတော်သင် အခွင့်အရေးများ ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အခြေခံပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ပညာရေးဝန်ထမ်းများအားလုံးနှင့် ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များ အချိတ်အဆက်မိမိ လက်တွဲ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မှုက အရေးပါသည့် အခန်းကဏ္ဍ တစ်ရပ်ဖြစ်ပါကြောင်း၊ ဘက်စုံထူးချွန်သည့် သားကောင်း သမီးကောင်း၊ လူတော်လူကောင်းများဖြစ်အောင် ပညာရေး မိသားစုများအားလုံး ဝိုင်းဝန်းပံ့ပိုးကူညီ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဇေယျာသီရိမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်းသား ကျောင်းသူများက “လောကအားမာန်” အကအလှဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးက နိုင်ငံဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) အခြေခံ ဆရာဆရာမများ အထူးမွမ်းမံသင်တန်း၊ နိုင်ငံဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) စာရေးဝန်ထမ်း အခြေခံသင်တန်းနှင့် ASEAN QUIZ ပြိုင်ပွဲများတွင် ထူးချွှန်ဆု ရရှိခဲ့ကြသူများကို  ဆုချီးမြှင့်သည်။

ယင်းနောက် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ အခြေခံပညာ ဆရာဆရာမများက “မြတ်ဆရာ” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်နှင့် နေပြည်တော် ကိုယ်ပိုင်ကျောင်းအသင်းမှ သင်ရိုးသစ် သင်ထောက်ကူပြခန်း၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲပြခန်း၊ စွန့်ဦးတီထွင်ပြခန်း စသည်တို့ကို ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

သတင်းစဉ်