နေပြည်တော် မတ် ၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဧပြီ ၂ ရက် နံနက်ပိုင်းက နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ တပ်ကုန်းသုတေသနခြံ၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် စားသုံးဆီပိုလျှံရေးအတွက် လာမည့်စိုက်ပျိုးရာသီမှစတင်၍ တစ်နိုင်ငံလုံး၌ နေကြာသီးနှံ ဧက (၁၅) သိန်း စိုက်ပျိုးသွားမည်ဖြစ်ရာ သုတေသနခြံများအနေဖြင့် ဒေသ ရေမြေအလိုက် ဖြစ်ထွန်းအောင်မြင်စေမည့် နေကြာမျိုးကောင်း မျိုးသန့်များထုတ်လုပ် နိုင်ရေးအတွက် စနစ်တကျ စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တောင်သူများနှင့် ပူးပေါင်း၍ ပိုမိုထိရောက်ကျယ်ပြန့်သော သုတေသန လုပ်ငန်းများဖြစ်စေရေးနှင့် လက်တွေ့အသုံးချ သုတေသနများဖော်ထုတ်ပြီး တောင်သူလက်ဝယ်အရောက် နည်းပညာဖြန့်ဝေနိုင်ရေးကို စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးပညာပေးရေးဌာနခွဲနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု အနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း မိုးသီးနှံနှင့် ဆောင်းသီးနှံ စုစုပေါင်း ဧက (၁၅၀၀၀၀) ကျော်ရှိပြီး၊ နေကြာသီးနှံ ဧက(၂၀၀၀) ခန့်ပါဝင်ကြောင်း၊ လာမည့်စိုက်ပျိုးရာသီမှ စတင်၍ နေကြာသီးနှံ ဧက (၁၀၀၀၀) ခန့် တိုးချဲ့စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ရှားတောကျေးရွာအုပ်စု ဂွေးပင်ခေတ်မီစံပြကျေးရွာ (SMART Village) ရှိ နွေစပါးမျိုးစေ့ထုတ် စိုက်ခင်းသို့ ရောက်ရှိကြရာ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်း နွေစပါး မျိုးစေ့ထုတ်စံပြကွက်များ ဆောင်ရွက်ထားရှိမှု၊ တပ်ကုန်းမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးပြီးစီးမှု၊ တောင်သူပညာပေးလက်တွေ့သရုပ်ပြ ဆောင်ရွက်ပေးနေမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး က မိရိုးဖလာစိုက်ပျိုးနည်းများမှ ခေတ်မီစိုက်ပျိုးနည်းစနစ်များသို့ ပြောင်းလဲကျင့်သုံးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး ဒေသနေ တောင်သူများနှင့်အတူ (EM) ဘိုကာရှီပြုလုပ်ခြင်းနှင့် နွေစပါးမျိုးစေ့ထုတ် စိုက်ခင်းသမန်းနိုး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။
အလားတူ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဂွေးပင် (စံပြ) ကျေးရွာ စနစ်ကျ လယ်ယာမြေ (၁၁၆) ဧက ဖော်ထုတ်ခြင်း လုပ်ငန်း၊ ရေသွင်း ရေထုတ်မြောင်းများနှင့် ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ခေတ်မီလယ်ယာသုံး စက်ကရိယာများတွင်ကျယ်စွာ အသုံးပြုနိုင်ရေး၊ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး၊ စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းသိုလှောင်သည်အထိ သီးနှံများ လေလွင့်ဆုံးရှုံးမှု လျှော့ချနိုင်ရေးအတွက် နည်းပညာရပ်ဆိုင်ရာများ စနစ်တကျ လိုက်နာဆောင်ရွက်ရန်တို့ကို ဆွေးနွေးပြောကြားသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စမ်းဝတီ မွေးမြူရေးနှင့် သဘာဝမြေသြဇာ ထုတ်လုပ်ရေး သမဝါယမအသင်း လီမိတက်သို့ ရောက်ရှိကြပြီး သဘာဝမြေသြဇာ ထုတ်လုပ်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်