နေပြည်တော်      ဩဂုတ်      ၂၃

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယနေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ဦးမင်းဦးနှင့် ဦးဟန်သူ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများကို နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ တွေ့ဆုံ၍ နေပြည်တော် ကောင်စီနယ်မြေအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါး၊ မိုးစပါးစီမံကိန်း နှင့် ဆီထွက်သီးနှံစီမံကိန်းများ၊ နေကြာသီးနှံနှင့် ဝါသီးနှံများ တိုးချဲ့စိုက်ပျိုးရေး၊ မေထုန်မဲ့ သားစပ် လုပ်ငန်းများဖြင့် နို့စားနွားတိုးချဲ့မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရေး ဆောင်ရွက်ရန်ကိစ္စ ရပ်များကို ဆွေးနွေးခဲ့ကြသည်။

 

ထိုသို့ဆွေးနွေးရာတွင် ဒုတိယဝန်ကြီးက ပြည်တွင်းစားသုံးဆီဖူလုံရေး မျှော်မှန်းချက် အောင်မြင်စေရန် နေကြာသီးနှံကို သီးညှပ်စိုက်ခြင်းထက် သီးထပ်သီးနှံအဖြစ် ထိထိရောက်ရောက် စိုက်ပျိုးလုပ်ကိုင် နိုင်ရေး၊ တိုင်းဒေသကြီးပြည်နယ်အသီးသီး၌ နေကြာသီးနှံစိုက်ပျိုးခြင်းကို ၂၀၂၄-၂၀၂၅ခုနှစ်တွင် မိုးနှင့်ဆောင်းစိုက်ဧက ၁ ဒသမ ၀၉ သန်း လျာထားဆောင်ရွက်လျက်ရှိပြီး နှစ်အလိုက်တိုးချဲ့ စိုက်ပျိုး သွားမည်ဖြစ်ကြောင်း၊ နေကြာသီးနှံစိုက်ပျိုးရာတွင် နေကြာပွင့်များ အစေ့အဆန်ပြည့်အောင်မြင်ပြီး ဆီထွက်နှုန်းကောင်းမွန်စေရန်အတွက် ဝတ်မှုန်ကူးစက်မှုကို အကျိုးပြုပေးသော ပျားမွေးမြူရေးကို တောင်သူများတွဲဖက် လုပ်ကိုင်နိုင်ရေး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ချည်မျှင်ရှည်ဝါတိုးချဲ့ စိုက်ပျိုးခြင်းကို ၂၀၂၃-၂၀၂၄ ခုနှစ်မှ ၂၀၂၇-၂၀၂၈ ခုနှစ်ထိ နှစ်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံး၌ ဝါစိုက်ဧက ၇၀၀,၀၀၀ စိုက်ပျိုးသွားနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ နို့စားနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်း နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်မှုမြင့်မားလာ စေရေးနှင့် ပြည်ပမှ နို့ထွက်ပစ္စည်းများ တင်သွင်းမှုလျှော့ချနိုင်ရေးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှ ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်အတွင်း သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်များတွင် မေထုန်မဲ့ သားစပ်လုပ်ငန်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သီးနှံအလိုက် မျိုးကောင်းမျိုးသန့် မျိုးစေ့နှင့် သွင်းအားစုများ သုံးစွဲနိုင်ရန်နှင့် စိုက်ပျိုးရေရရှိရေးနည်းလမ်းများ၊ အသုံးပြုရာတွင် နည်းပညာ လိုအပ်ချက်များ မိမိတို့ဝန်ကြီးဌာနမှ ကူညီဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် နွေစပါး၊ မိုးစပါးအပြင် နှံစားသီးနှံ၊ ပဲမျိုးစုံသီးနှံ၊ ဆီထွက်သီးနှံ၊ စားဖို ဆောင်သီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံ ဥယျာဉ်ခြံသီးနှံနှင့် ဟင်းသီးဟင်းရွက်များကို တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း၊ ဆီထွက်သီးနှံ နေပြည်တော်ဇုန်အနေဖြင့် တပ်ကုန်းမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ လယ်ဝေးမြို့နယ် များတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဝါသီးနှံကိုလည်း နေပြည်တော်ဇုန်အနေဖြင့် စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း၊ နို့စားနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာပေး ဆောင်ရွက်မှုများကိုလည်း နေပြည်တော်အဆင့် နို့စားနွားမွေးမြူရေး ဖွံ့ဖြိုးတိုးရေးကော်မတီဖွဲ့စည်းပြီး ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဦးစီးဌာနအလိုက် ညွှန်ကြားရေးမှူးချုပ်များက နွေစပါး၊ မိုးစပါး စီမံကိန်းနှင့် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ မေထုန်မဲ့ သားစပ်လုပ်ငန်းများဖြင့် နို့စားနွားတိုးချဲ့မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရေး ဆောင်ရွက်ရန် ကိစ္စရပ်များနှင့် စိုက်ပျိုးရေးရရှိ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေ များကို သက်ဆိုင်ရာကဏ္ဍများအလိုက် ဖြည့်စွက်ဆွေးနွေးတင်ပြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)