နေပြည်တော်၊  ၁၀   ဒီဇင်ဘာ 

 

နေပြည်တော် စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်-၂ ဦးမင်းသူ၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန အင်ဂျင်နီယာချုပ် ဒေါ်ယဉ်ယဉ်ထွေး၊ လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသော ဦးသန်းစိုးအောင်နှင့် ဦးရည်မွန်၊ နေပြည်တော် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဉက္ကဋ္ဌ ဉီးကျော်မင်းထွန်း၊ နေပြည်တော် ခရီးသွားလုပ်ငန်းရှင်များအသင်းဉက္ကဋ္ဌ ဦးသိန်းထွေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည်  ဒီဇင်ဘာ  ၉  ရက် နံနက်ပိုင်းက  ပြည်ထောင်စု နယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်းရှိ ကရင်၊ ပအိုးဝ်နှင့် ကယန်း စသည့် တိုင်းရင်းသားအများစု နေထိုင်သော ကျေးရွာ(၁၁)ရွာဖြစ်သည့် ပြည်ထောင်ကိုးကျေးရွာအုပ်စုအတွင်းရှိ ဝေသာလီကျေးရွာ၊ ပြဒါးချောင်း ကျေးရွာနှင့် မြသီတာကျေးရွာများသို့ သွားရောက်၍  ခရီးသွားဒေသများအဖြစ် ဖော်ဆောင်နိုင်ရေး ကွင်းဆင်း ဆောင်ရွက်ကြကြောင်း သိရသည်။

 

သွားရောက်စဉ် ၎င်းကျေးရွာများအနီးမှ မြင်တွေ့နိုင်သော ခရီးသွားဆွဲဆောင်မှု (၁)ခုဖြစ်သည့် တိမ်ပင်လယ် ရှုခင်းအားကြည့်ရှု၍ ခရီးသွားများအတွက် အပန်းဖြေနေရာတစ်ခုအဖြစ် ဆောင်ရွက် နိုင်စေရေးနှင့် အဆိုပါ ကျေးရွာများအတွင်း လူထုအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism)၊ Trekking and Adventure Tourism နှင့် သဘာဝအခြေခံခရီးသွားများ ဆွဲဆောင်မှုရှိသော ခရီးစဉ်များအဖြစ် ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ ကျေးရွာအတွင်းနေထိုင်ကြသော တိုင်းရင်းသားများနှင့် တွေ့ဆုံပြီး ခရီးသွားလုပ်ငန်းဖော်ဆောင်ရာတွင် လုပ်ဆောင် ရမည့် အခြေခံ သဘောတရားများ၊ ခရီးသွားလုပ်ငန်းမှ ရရှိလာမည့် အကျိုးကျေးဇူးများ၊ ခရီးသွား အသိပညာ များ၊ ကျန်းမာရေး၊ ပညာရေး၊ ဆက်သွယ်ရေး စသည့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်စေရေးများနှင့် ခရီးသွားမှတစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေခြင်း စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

 

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် မြသီတာကျေးရွာရှိ (၇)ဆင့် ရေတံခွန်သို့ သွားရောက်ခဲ့ပြီး ခရီးသွားများ ကန့်သတ်ထားသည့် ကာလအတွင်း ဒေသတွင်းခရီးသွားများ အပန်းဖြေ အနားယူနိုင်စေရန်နှင့် COVID-19 အလွန်ကာလတွင် ပြည်တွင်း ပြည်ပ ခရီးသွားများ လာရောက် လည်ပတ်သည့်အခါတွင် ကောင်းမွန်သော အပန်းဖြေနေရာတစ်ခု ဖြစ်စေရေးအတွက် ရည်ရွယ်၍ ရေတံခွန်ပတ်ဝန်းကျင် သာယာလှပစေရေး၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှုမရှိစေဘဲ ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် ရေတံခွန်သို့ သွားရာလမ်း တစ်လျှောက် အဆင်ပြေချော့မွေ့စွာ သွားလာနိုင်ရေး၊ ရေတံခွန်သို့လာရောက်လည် ပတ်သည့်ခရီးသွားများ အန္တရာယ် မဖြစ်စေရေးတို့ကို ကျေးရွာတာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ပြီး၊ ခရီးသွားလုပ်ငန်းနှင့်ပတ်သတ်၍ လိုအပ်သော အကူအညီများကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

 

ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ပြဒါချောင်းကျေးရွာအထက်ရှိ ညောင်လျှောက်ပင်သို့ သွားရောက် ကြည့်ရှု၍ ခရီးစဉ်အတွင်းထည့်သွင်းဆောင်ရွက်နိုင်စေရေးကို ခရီးသွား လုပ်ငန်းဆောင်ရွက် နေသူများနှင့် ကျေးရွာ တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။

 

MDN