နေပြည်တော် နိုဝင်ဘာ ၁
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန နေပြည်တော် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပျဉ်းမနားမြို့နယ်ဘဏ်ခွဲမှ တောင်သူဦးကြီးများကို ၂၀၂၁ ခုနှစ် ဆောင်းရာသီစိုက်ပျိုး စရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ စတင်ထုတ်ချေးပေးလျက်ရှိသည်။
နိုင်ငံအတွင်း စားနပ်ရိက္ခာဖူလုံစေရေး၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် တောင်သူ လယ်သမားများ၏ စိုက်ပျိုးစရိတ်ထုတ်လုပ်မှု အထောက်အကူဖြစ်စေရေးအတွက် ၂၀၂၁ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းဖြင့် အတိုးနှုန်း တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိသည်။ ထိုသို့ ထုတ်ချေးရာတွင် ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်၊ ကျီးအင်းကျေးရွာအုပ်စုရှိ တောင်သူ (၉) ဦးသို့ စိုက်ပျိုးဧက ၄၈ ဧက အတွက် ငွေကျပ် ၄ ဒသမ ၈ သန်းအား စတင်ထုတ်ချေးပေးပြီး ၂၀၂၀ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေ ပြေကျေသော တောင်သူလယ်သမားများအား ချေးငွေထုတ်ချေးပေးခြင်း ကာလအနေဖြင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း ပျဉ်းမနား မြို့နယ်ဘဏ်ခွဲမန်နေဂျာ ဒေါ်ခိုင်ကြည်သာ ထံမှ သိရသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အနေဖြင့် ၂၀၂၀ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ် ချေးငွေအား ကျေးရွာအုပ်စု ၇ အုပ်စု၊ တောင်သူ ဦးရေ ၁၁၆၇ ဦးကို ငွေကျပ် ၅၁၉ ဒသမ ၁ သန်း ထုတ်ချေးထားပြီးဖြစ်ကြောင်း နေပြည်တော်တိုင်းဘဏ်ခွဲမန်နေဂျာ ဦးသက်ဦး ထံမှ သိရသည်။
ညီညီသန်း (နေပြည်တော်)


