ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင်  ဆီထွက်သီးနှံ ဧကတစ်သိန်းခွဲကျော် စိုက်ပျိုးထားနိုင်ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိ

နေပြည်တော်    ဇန်နဝါရီ ၂၉

    
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်(၈)မြို့နယ်တွင် မိုး၊ဆောင်းရာသီများ၌ ဆီထွက်သီနှံများဖြစ်သည့် မြေပဲ၊ နှမ်းနှင့်နေကြာသီးနှံအား ယခုနှစ်တွင် (၁၅၄၉၇၅) ဧက စိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

    
နေပြည်တော် စိုက်ပျိူးရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်ရေးအတွက် ဆီထွက်သီးနှံဖူလုံရေးကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် ယခင်နှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး စားသုံးဆီပိုမိုဖူလုံစေရေးအတွက် မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံ အား တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်ရရှိရေး၊အထွက်နှုန်းတိုးတက်စေရေး၊ စိုက်နည်းစနစ်မှန်ကန် စေရေးအတွက် အလေးထားဆောင်ရွက်ပါက တစ်ဧကပန်းတိုင်အထွက်နှုန်းအနေဖြင့် မြေပဲ တင်း(၅၀)၊ နှမ်းတင်း(၂၀)နှင့်နေကြာတင်း(၅၀)ခန့် ရရှိနိုင်ပါကြောင်း၊ နည်းစနစ်မှန်ကန်စေရေးအတွက် စိုက်ပျိုးရေးဦးစီး ဌာနအနေဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီး အသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် ယခင်နှစ်ထက် ယခုနှစ်တွင် နေကြာသီးနှံအား ဧက (၈၀၀၀)ကျော် ပိုမိုတိုးချဲ့ စိုက်ပျိုးထားကြောင်း နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဝင်းထိန်က ပြောကြားသည်။

    
စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နေကြာသီးနှံသည် ဆီထွက်ပမာဏ ပိုမိုများသည့်အတွက် ဧက တိုးချဲ့ခြင်း၊ အထွက်နှုန်းတိုးတက်အောင်ဆောင်ရွက်ခြင်းများကို လုပ်ဆောင်မည့်အပြင် အခြားဆီထွက်သီးနှံ များဖြစ်သည့် မြေပဲ၊ နှမ်း သီးနှံများကိုလည်း ပိုမိုတိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ နေပြည်တော်အတွင်းရှိ တောင်သူများအနေဖြင့် နေကြာသီးနှံစိုက်ပျိုးရာတွင် ရေဆင်းစပ်မျိုး(၁)နေကြာနှင့် ဆင်းရွှေကြာ(၂)မျိုးကို စိုက်ပျိုးလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

    
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ တောင်သူများအနေဖြင့် နေကြာသီးနှံစိုက်ပျိုးခြင်းဖြင့် အကျိုးကျေးဇူးများစွာရရှိမည့်အပြင် နေကြာသီးနှံမှာ သီးထပ်သီးညှပ်ပုံစံအမျိုးမျိုးဖြင့် မိုးဆောင်း ရာသီမရွေး၊ မျိုးစေ့ ဈေးနှုန်းသက်သာစွာ စိုက်ပျိုးနိုင်သော သီးနှံဖြစ်ပြီး၊ တစ်ဧကပန်းတိုင်အထွက်နှုန်း တင်း(၅၀)နှင့် အထက် ထွက်ရှိစေရန် အထူးအထွက်တိုး နေကြာမျိုးများဖြင့် မျိုးပြောင်းလဲစိုက်ပျိုးပါက တစ်ဧကမှ ဆီပိဿာ အများဆုံး (၂၀၀)နီးပါးအထိ ရရှိနိုင်သော ဆီထွက်သီးနှံဖြစ်ကြောင်း၊ မြေအမျိုးစားနှင့် မြေပြုပြင်ခြင်း၊ စိုက်ချိန်၊ စိုက်စနစ်၊ စိုက်ကြောင်းအတိမ်အနက်၊ သွင်းအားစုထည့်သွင်းအသုံးပြုခြင်း၊ အပင်ပြုစုစောင့်ရှောက်ခြင်း၊ ပိုမွှားရောဂါ ကာကွယ်နှိမ်နှင်းခြင်း၊ စနစ်တကျရိတ်သိမ်းခြွေလှေ့ခြင်း စသည့် စိုက်ပျိုးရေးနည်းစနစ်ကောင်း များကို လိုက်နာစိုက်ပျိုးပါက ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုများစွာ အထောက်အကူပြုပြီး လူမှုစီးပွားဘဝပိုမို ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်းသိရသည်။

အောင်ကို(ပြန်/ဆက်)