နေပြည်တော် ဇန်နဝါရီ ၆
ပြည်ထောင်စုနယ်မြေအတွင်း အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ ရေဘေးသင့် အာမခံအလုပ်သမားများအား လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ခွင့်ပြုထုတ်ပေးရန် နေပြည်တော်ကောင်စီဥက္ကဋ္ဌထံ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုသည်။
အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အရာထမ်း၊ အမှုထမ်းများ၊ တာဝန်ရှိသူများနှင့် အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမား ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက တိုင်ဖွန်းမုန်တိုင်း (ရာဂီ) ၏ အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ မြန်မာနိုင်ငံအတွင်းရှိ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုကြောင့် ပြည်သူအများ အတိဒုက္ခရောက်ခဲ့ရပြီး အလုပ်ရုံ၊ စက်ရုံ၊ လုပ်ငန်းဌာနများ ပိတ်သိမ်းရခြင်း၊ လယ်ယာမြေများ ပျက်စီးဆုံးရှုံးရခြင်းတို့ကြောင့် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ခဲ့ကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင်ရှိသည့် လူမှုဖူလုံရေးမြို့နယ်ရုံး (၈၀) တွင် ယနေ့အချိန်အထိ အလုပ်ဌာန (၃၄,၉၂၇) ဌာနနှင့် အလုပ်သမား (၁,၂၇၇,၅၁၃) ဦးတို့ အကျုံးဝင် မှတ်ပုံတင်ထားပြီးဖြစ်ရာ ပြည်ထောင်စုနယ်မြေအတွင်း အလုပ်ဌာန (၁,၀၈၁) ဌာန၊ အာမခံအလုပ်သမား (၂၇,၇၃၄) ဦး မှတ်ပုံတင်ထားပြီး ၎င်းတို့အနက် အလုပ်ဌာန (၁၄၈) ဌာနက ရေဘေးသင့် အာမခံအလုပ်သမား (၉၇၁) ဦးအား ငွေကြေးအကျိုးခံစားခွင့် ကျပ်သန်း (၇၁ ဒသမ ၃၆၉) ကို ယနေ့ အခမ်းအနားတွင် ခွင့်ပြုထုတ်ပေးသွား မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ကောင်စီဥက္ကဋ္ဌထံ အာမခံအလုပ်သမား (၉၇၁) ဦးအတွက် လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ်သန်း ၇၁ ဒဿမ ၃၆၉ သန်း လွှဲပြောင်းပေးအပ်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားသည်။
သတင်းစဉ်


