နေပြည်တော် ဖေဖော်ဝါရီ ၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် ကူးတို့ဆိပ်ကျေးရွာအုပ်စု အင်းသာကျေးရွာရှိ ရာဇာနိုင် မွေးမြူရေးအကျိုးဆောင်လုပ်ငန်းသို့ ကွင်းဆင်းကြည့်ရှု အားပေးသည်။
အင်းသာကျေးရွာတွင် အသားတိုးကြက် ကောင်ရေ(၃၃၆၀၀) မွေးမြူထားရှိပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကြက်မွေးမြူရေးလုပ်ငန်းအတွက် ကြက်သား ပေါက်များ ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ အလားတူ ဇီးရိုင်းကျေးရွာ မွေးမြူရေးခြံတွင် အသားတိုးကြက် ကောင်ရေ(၂၇၀၀၀)၊ ဒေသနွား(၂၂၂)ကောင် မွေးမြူထားရှိပြီး ဇီးဖြူပင် ကျေးရွာ မွေးမြူရေးခြံတွင် အသားတိုးဝက်ကောင်ရေ(၂၁၃)ကောင် မွေးမြူလုပ်ကိုင်လျက် ရှိကြကြောင်း၊ ကျွန်းဦးကျေးရွာ မွေးမြူရေခြံတွင် သဘာဝကြက်ချေး မြေသြဇာထုတ်လုပ် ခြင်းနှင့်အတူ ငါးမုတ်၊ ငါးတန်၊ ငါးမြစ်ချင်းကောင်ရေ(၇၀၀၀၀) မွေးမြူလုပ်ကိုင်လျက် ရှိရာ ဒေသ၏ စားသုံးမှုဖူလုံပိုလျှံရေးနှင့် တိုးချဲ့မွေးမြူထုတ်လုပ်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးက သက်ဆိုင်ရာပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ပတ်ဝန်းကျင် သန့်ရှင်းရေး၊ ကူးစက်ရောဂါကင်းစင်ရေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေး အလေးထားဆောင်ရွက်ရန် လိုအပ်ချက်များ ၊ ဒေသတွင်း စားသုံးမှုဖူလုံမှုရှိစေရန်နှင့် မွေးမြူရေး ထွက်ကုန်များတင်ပို့ရောင်းချမှု တိုးမြှင့်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးပြော ကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


