နေပြည်တော် ၄ ဧပြီ
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ (၈၂)နှစ်မြောက် အဖွဲ့စတင် ဖွဲ့စည်းတည်ထောင်သောနေ့ (Foundation Day) အထိမ်းအမှတ် အခမ်းအနားကို ဧပြီ ၁ ရက် နံနက် ၁၀ နာရီ၌ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရှိ စုပေါင်း ခန်းမတွင် ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသော ဦးဝင်းမော်၊ ဦးသန်းထွန်းနှင့် ဇနီး၊ ဒေါက်တာဦးပွား၊ ဦးစောဗယ်လင်တိုင်းနှင့် အဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ သည့် အဖွဲ့ဝင်(ငြိမ်း) ဦးဝင်းအောင်၊ အဖွဲ့ရှိ ဦးစီးဌာနများနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်များမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်၊ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီးဌာနများနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်များမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းက အဖွဲ့ နှစ်ပတ်လည်နေ့ အထိမ်း အမှတ် အမှာစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ခြင်း အစီအစဉ်များကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ဝန်ထမ်းလုပ်သက် (၃၀) နှစ်ပြည့်သူများကို ဆုများချီးမြှင့်ခြင်း၊ ဝန်ထမ်းများသို့ အမှတ်တရ လက်ဆောင် ယူနီဖောင်းဝတ်စုံများ ချီးမြှင့်ခြင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဗဟိုဝန်ထမ်း တက္ကသိုလ်များတွင် ဖွင့်လှစ်ခဲ့သော သင်တန်းများ၌ ထူးချွန်ဆုရရှိသူ ဝန်ထမ်းများအား ဆုများချီးမြှင့်ခြင်း၊ အဖွဲ့အဆင့် နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်း ဥပဒေများ၊ ရုံးလုပ်ငန်းလက်စွဲ ရေးဖြေစာမေးပွဲ ထူးချွန်ဆုရရှိသူ ဝန်ထမ်းများအား ဆုများချီးမြှင့်ခြင်း၊ အားကစားထူးချွန်ဆုများ၊ မီးဘေးလုံခြုံရေးဆိုင်ရာ မီးငြှိမ်းသတ်စက် ကိုင်တွယ်အသုံးပြုခြင်း ကျွမ်းကျင်မှု စွမ်းရည်ပြိုင်ပွဲဆုများ၊ နေပြည်တော် ဝန်ထမ်းအိမ်ရာများတွင် အိမ်ခန်းအလိုက် သန့်ရှင်းသပ်ရပ်မှု အကောင်းဆုံးဆု ရရှိသူများနှင့် အထူးကံစမ်းမဲ ပေါက်သူများကို ဆုများချီးမြှင့်ပေးသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များကို နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံကာ ဝန်ထမ်းများအား ကံစမ်းမဲများ ဖောက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


