နေပြည်တော် နိုဝင်ဘာ ၂၈
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် ၂/၂၀၂၀ နှင့် ၅/၂၀၂၁ ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး(၃၅) နေရာအတွက် ပြန်တမ်းဝင်အဆင့်စတင်ခန့်အရာထမ်းရာထူးများ ရွေးချယ်ပေးရန် ရေးဖြေစာမေးပွဲကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် မော်လမြိုင်မြို့တို့ရှိ စာစစ်ဌာန(၅)ခု၌ နိုဝင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် တစ်ပြိုင်တည်း ကျင်းပလျက်ရှိသည်။
အဆိုပါ ရေးဖြေစာမေးပွဲကျင်းပနေမှုများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ အဖွဲ့ဝင် ဦးဆန်းမြင့်သည် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အမှတ်(၈)အခြေခံပညာအထက်တန်း ကျောင်း၊ မန္တလေးစာစစ်ဌာနသို့လည်းကောင်း၊ အဖွဲ့ဝင် ဦးရဲနိုင်သည် နေပြည်တော် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း (ရွာတော်)၊ နေပြည်တော် စာစစ်ဌာနသို့လည်းကောင်း၊ အဖွဲ့ဝင် ဦးစိုးတင့်သည် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင် မြို့နယ်၊ အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း၊ ရန်ကုန်စာစစ်ဌာနသို့လည်းကောင်း၊ အဖွဲ့ဝင် သူရဦးဘိုနီသည် မကွေး တိုင်းဒေသကြီး၊ မကွေးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မကွေးစာစစ်ဌာနသို့လည်းကောင်း စာမေးပွဲဖြေဆိုမှုကို ကြည့်ရှုစစ်ဆေးပြီး ဖြေဆိုသူများကို အားပေးစကား ပြောကြားသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း အသီးသီးအတွက် လိုအပ်သော အရည်အသွေးမြင့် ပြန်တမ်းဝင်အဆင့် စတင်ခန့် အရာထမ်းရာထူးများကို ရွေးချယ်ပေးလျက်ရှိရာ အရည်အချင်းကိုအခြေခံ၍ လူမှန်၊ နေရာမှန်ဖြစ်စေရေးအတွက် ရွေးချယ်ရေးလုပ်ငန်းစဉ်များကို အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယခုရေးဖြေစာမေးပွဲသို့ လာရောက်ဖြေဆိုကြသူ စုစုပေါင်း (၅၆၅) ဦး ရှိကြောင်း သိရသည်။
သတင်းစဉ်