နေပြည်တော်၊ နိုဝင်ဘာ ၁၂
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ်(၅/၂၀၂၂)ပါ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း(၂၈)ခုရှိ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး (၁၀၇၆)နေရာ ရွေးချယ်ပေးရန် ရေးဖြေစာမေးပွဲ ကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ မကွေးမြို့နှင့် မော်လမြိုင်မြို့များရှိ စာစစ်ဌာန(၅)ခု၌ ယနေ့(စနေနေ့)နှင့် နိုဝင်ဘာ ၁၃ ရက် (တနင်္ဂနွေနေ့)တို့တွင် တစ်ပြိုင်တည်း ကျင်းပလျက်ရှိသည်။
အဆိုပါရေးဖြေစာမေးပွဲ ကျင်းပနေမှုများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ ဒေါက်တာ မောင်မောင်နိုင်သည် တာဝန်ရှိသူများနှင့်အတူ နံနက်ပိုင်းတွင် နေပြည်တော်၊ အမှတ်(၃)နှင့် (၁၁) အခြေခံပညာ အထက်တန်းကျောင်းများရှိ နေပြည်တော် စာစစ်ဌာနများသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဖြေဆိုသူများကို လိုက်လံအားပေးစကား ပြောကြားသည်။
အလားတူ ပြည်ထောင်စုရာထူးဝန်အဖွဲ့အဖွဲ့ဝင် ဦးဆန်းမြင့်သည် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ မန္တလေးစာစစ်ဌာနသို့လည်းကောင်း၊ အဖွဲ့ဝင် ဦးရဲနိုင် သည် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ရန်ကုန် စာစစ်ဌာနသို့လည်းကောင်း၊ အဖွဲ့ဝင် သူရဦးဘိုနီသည် မကွေးတိုင်းဒေသကြီး၊ အခြေခံပညာ အလယ်တန်းကျောင်း(ရဲကျောင်း)ရှိ မကွေးစာစစ်ဌာနသို့လည်းကောင်း စာဖြေသူများကို လှည့်လည်ကြည့်ရှု စစ်ဆေးအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအသီးသီးအတွက် လိုအပ်သော အရည်အသွေးမြင့် ပြန်တမ်းဝင်အဆင့် စတင်ခန့်အရာထမ်းရာထူးများကို ရွေးချယ်ပေးလျက်ရှိရာတွင် အရည်အချင်းကို အခြေခံ၍ လူမှန်၊ နေရာမှန်ဖြစ်စေရေးအတွက် ရွေးချယ်ရေးလုပ်ငန်းစဉ်များ အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယခုရေးဖြေစာမေးပွဲသို့ နိုင်ငံအဝှမ်းမှ လာရောက်ဖြေဆိုကြသူ စုစုပေါင်း (၂၃၄၉ ) ဦးရှိကြောင်း သိရသည်။
(သတင်းစဉ်)