ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးစစ်အေး ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးသင်တန်း အမှတ်စဉ်(၁၂) ၊အဆင့်မြင့် အရာထမ်းသင်တန်း အမှတ်စဉ် (၁၃) သင်တန်းဆင်း အခမ်းအနား တက်ရောက်

နေပြည်တော် မတ် ၃၀

ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးသင်တန်းအမှတ်စဉ်(၁၂)နှင့် အဆင့်မြင့်အရာထမ်း သင်တန်း အမှတ်စဉ် (၁၃) တို့၏ သင်တန်းဆင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံဝန်ထမ်းတက္ကသိုလ် နီလာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးစစ်အေး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်နှင့် ဒုတိယပါ မောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။ 

ဉီးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးစစ်အေးက နိုင်ငံတော်အနေဖြင့် ဝန်ထမ်း အဖွဲ့အစည်း အကြီးအမှူးသင်တန်းနှင့် အဆင့်မြင့် အရာထမ်းသင်တန်းများကို အတွေ့ အကြုံရင့်ကျက်ပြီး ကိုယ်ရည်ကိုယ်သွေးမြင့်မားသော  နိုင်ငံ့ဝန်ထမ်းအဆင့်မြင့် အရာရှိကြီး များအတွက် ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုအရည်အသွေး ပိုမိုထူးချွန်ပြီး ဘက်ပေါင်းစုံမှ စဉ်းစားတွေးခေါ် အမြော်အမြင်ဖြင့် ပြည့်စုံမှု၊ တီထွင်ဖန်တီးနိုင်စွမ်းရှိမှု၊ စူးစမ်းရှာဖွေ လေ့လာသင်ယူနိုင်စွမ်းရှိမှုနှင့် ဆန်းစစ်ဝေဖန် သုံးသပ်နိုင်မှုစသည့် အရည်အသွေးကောင်းများ ထက်မြက်လာစေရန်ဖြစ်ပါကြောင်း။

သင်တန်းသားများသည် အဆင့်မြင့်အရာရှိကြီးများဖြစ်သည်နှင့်အညီ နိုင်ငံတော် တည်ဆောက်ရေးတွင် အရေးပါသည့်ကဏ္ဍများ၌ အဆင့်မြင့်တာဝန်များ ထမ်းဆောင်ခွင့်ရသူ များလည်းဖြစ်ပါကြောင်း၊ ထို့အပြင် အနာဂတ်နိုင်ငံတော်ကြီး ဖွံ့ဖြိိုးတိုးတက်ရန် နိုင်ငံ့ ဝန်ထမ်းများသည် အဓိကတာဝန်ရှိသူများလည်း ဖြစ်ပါကြောင်း၊ ယခုသင်တန်းမှရရှိသည့် ပညာရပ် အတွေ့အကြုံ၊ ဗဟုသုတများကို အခြေခံပြီး ခေတ်မီနည်းပညာများဖြင့် အသုံးချကာ အဆင့်မြင့်မြင့်တွေးခေါ် စီမံဆောင်ရွက်တတ်သူများ ဖြစ်လာစေလိုကြောင်း၊ နိုင်ငံတော်မှ ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဉီးတည်ချက် (၁၂)ရပ်အပေါ် မိမိတို့နှင့် သက်ဆိုင်သော အခန်းကဏ္ဍကိုလိုက်၍ အလေးထား တာဝန်ထမ်းဆောင်သွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲမှ အခါအား‌လျော်စွာ ချမှတ်လမ်းညွှန်သော ညွှန်ကြားချက်များကို မျက်ခြေမပြတ် အထူးအလေးထားဆောင်ရွက်ပြီး နိုင်ငံတော်၏ အကျိုးအတွက် မိမိတို့ဌာနအလိုက် လုပ်ငန်းတာဝန်များကို တာဝန်ယူမှု၊ တာဝန်ခံမှု၊ စိတ်စေတနာအပြည့်ဖြင့် သစ္စာရှိစွာတာဝန်ထမ်းဆောင် သွားရန်လိုကြောင်း၊ သင်တန်းမှ သင်ကြားပေးလိုက်သော သင်ခန်းစာများကို အခြေခံ၍ နိုင်ငံတကာအဆင့်မီ ပညာရပ်များကို စဉ်ဆက်မပြတ်လေ့လာခြင်း၊ သုံးသပ်ခြင်းများပြုလုပ်၍ မိမိတို့၏ ကိုယ်ရည်ကိုယ်သွေး တိုးတက်အောင် ဆောင်ရွက်ရင်း နိုင်ငံတော်နှင့်ပြည်သူတို့၏ အားကိုးယုံကြည်ရသော နိုင်ငံ့ဝန်ထမ်းများအဖြင့် အဆင့်မြင့် တာဝန်များကို ဆက်လက်ထမ်းဆောင်နိုင်သူများ ဖြစ်လာရန် မျှော်လင့်ပါကြောင်း တိုက်တွန်းမှာကြားသည်။ 

ထို့နောက် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးသင်တန်း အမှတ်စဉ်(၁၂)သို့ သင်တန်းသား (၁၇)ဦးနှင့် အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ်(၁၃)သို့ သင်တန်းသား (၃၉)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလ ရက်သတ္တ (၈) ပတ် ကြာမြင့်ခဲ့သည်။

ထို့နောက် တက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်ပြီးစီးခဲ့သည့် အဆောက်အဉီများ၊ ၂၀၂၃ - ၂၀၂၄ ခု ဘဏ္ဍာနှစ်အတွင်း ဆက်လက်ဆောက်လုပ် အကောင်အထည်ဖော်မည့် တည်ဆောက်ရေး လျာထားမြေနေရာများနှင့် သစ်သီးဝလံ စိုက်ပျိုးထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်