နေပြည်တော် ၈ အောက်တိုဘာ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသိမ်းသည် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP)မှ ဌာနေကိုယ်စားလှယ်Mr. Peter Batchelor အား ယနေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် UNDP တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် (၂၀၁၇-၂၀၂၀) [Civil Service Reform Strategic Action plan (2017-2020)]ပါ လုပ်ငန်းစဉ်များအပေါ် ၂၀၁၉-၂၀၂၀ ခုနှစ်များ အတွက် လျာထားမှုအရ ဆောင်ရွက်ထားရှိမှုနှင့် တိုးတက်မှုအခြေအနေ၊ မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်း ကဏ္ဍ၏ ခေါင်းဆောင်မှု၊ ထိရောက်မှု၊ လိုက်လျောညီထွေ ဖြစ်စေမှုနှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်းကျင်မှု(LEAP) စီမံကိန်းအောက်တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ဗဟိုဝန်ထမ်း တက္ကသိုလ်များတွင် ဖွင့်လှစ်လျက်ရှိသည့် သင်တန်းများနှင့် ပို့ချလျက်ရှိသည့် ဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းများအပေါ် ပြုပြင်ပြောင်းလဲမှုနှင့် ရှေ့ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)


