နေပြည်တော်၊ ဖေဖော်ဝါရီ ၇
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ (၁၅) ကြိမ်မြောက် မြန်မာ့ရိုးရာမိသားစုထမနဲထိုး ပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၁၇) ၌၊ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ စုံညီစွာတက်ရောက်ကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
ထမနဲထိုးပြိုင်ပွဲကို ဥက္ကဋ္ဌရုံးအဖွဲ့၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး ဦးစီးဌာနနှင့် ဝန်ထမ်းရေးရာ ဦးစီးဌာနတို့မှ ဌာနအလိုက် အရာထမ်း၊ အမှုထမ်းများ ပါဝင်သည့် အသင်း(၃)သင်းစီဖြင့် စုစုပေါင်း (၉)သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး ထမနဲထိုးယှဉ်ပြိုင်နေမှုများအား ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ လိုက်လံအားပေးခြင်း၊ အကဲဖြတ်အမှတ်ပေးခြင်းများ ဆောင်ရွက်ကြသည်။
ထို့နောက် ပါဝင်ယှဉ်ပြိုင်ကြသည့် အသင်းများနှင့် ဆုရရှိသောအသင်းများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆုများချီးမြှင့်ပေးအပ်ကြရာ ပထမဆုရရှိသည့် ဝန်ထမ်းရေးရာဦးစီးဌာန အဖွဲ့(၁) အသင်း၊ ဒုတိယဆုရရှိသည့် ဝန်ထမ်းရေးရာဦးစီးဌာနအဖွဲ့ (၂) အသင်းနှင့် တတိယဆုရရှိသည့် ဝန်ထမ်း ရွေးချယ်လေ့ကျင့်ရေးဦးစီးဌာနအဖွဲ့(၂)အသင်းတို့ကို ဥက္ကဋ္ဌဦးအောင်သော်က လည်းကောင်း၊ နှစ်သိမ့်ဆုရ အသင်းများကို အဖွဲ့ဝင်များ ကလည်းကောင်း ဆု ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)