နေပြည်တော် ဖေဖော်ဝါရီ  ၁၆

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၂၄ ခုနှစ်၊ (၁၄) ကြိမ်မြောက် မြန်မာ့ရိုးရာမိသားစုထမနဲထိုး ပြိုင်ပွဲကို ယနေ့တွင် နေပြည်တော်ရှိ ရုံးအမှတ်(၁၇)၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော် နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ စုံညီစွာ တက်ရောက်ကြပြီး ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။

ထမနဲထိုးပြိုင်ပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပခဲ့ပြီး နေပြည်တော်ရှိ ဥက္ကဋ္ဌရုံးအဖွဲ့၊ ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးဦးစီးဌာနနှင့် ဝန်ထမ်းရေးရာဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများပါဝင်သည့် အသင်း (၃) သင်းစီဖြင့် စုစုပေါင်း (၉)သင်း ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်ကြရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အားပေးကြည့်ရှုပြီး အကဲဖြတ်အမှတ်ပေးကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက ပထမဆုရရှိသည့် ဥက္ကဋ္ဌရုံးအဖွဲ့ အဖွဲ့ (၂)အသင်း၊ ဒုတိယဆုရရှိသည့် ဝန်ထမ်းရေးရာဦးစီးဌာန အဖွဲ့(၁)အသင်းနှင့် တတိယဆုရရှိသည့် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာန အဖွဲ့(၃) အသင်းတို့ ကိုလည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်များက နှစ်သိမ့်ဆုရရှိကြသည့် အသင်းများကိုလည်းကောင်း ဆုများပေးအပ်ချီမြှင့်ခဲ့ကြကြောင်း သိရှိရသည်။

သတင်းစဉ်