နေပြည်တော် မေ ၁၆
နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ် ရာထူး ၆၅၃ နေရာ ရွေးချယ်ပေးရန် ရေးဖြေစာမေးပွဲကို မေ ၁၆ နှင့် ၁၇ ရက်တို့တွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် မော်လမြိုင်မြို့တို့ရှိ စာစစ်ဌာန ငါးခု၌ တစ်ပြိုင်တည်းကျင်းပလျက်ရှိရာ ယနေ့တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် နေပြည်တော်စာစစ်ဌာနရှိ အမှတ် (၃) နှင့် အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းများ၌ မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ ဖြေဆိုနေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ယခုကျင်းပသော ရေးဖြေစာမေးပွဲသည် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များတွင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး နိုင်ငံတစ်ဝန်းမှ လာရောက်ဖြေဆိုသူ စုစုပေါင်း ၃၃၉၅ ဦးရှိကြောင်း သိရသည်။
သတင်းစဉ်


