နေပြည်တော် စက်တင်ဘာ ၂

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော် သည် ပြည်ထောင်စုရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင် ဉီးဆန်းမြင့်၊ ဥက္ကဋ္ဌရုံး ညွှန်ကြားရေးမှူးချုပ် ဉီးမြင့်ဆွေ တို့နှင့်အတူ ယမန်နေ့က နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)သို့ သွားရောက်ကြည့်ရှု့စစ်ဆေးသည်။

ဉီးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် တက္ကသိုလ်အတွင်း လေ့ကျင့်သင်ကြားလျက်ရှိသော သင်တန်းအလိုက် သင်တန်းသားများနေထိုင်သော အိပ်ဆောင်များ၊ စာသင်ဆောင်များနှင့် စားရိပ်သာများကိုလည်းကောင်း၊ သင်တန်းအလိုက် လေ့ကျင့်သင်ကြားနေမှုများကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး သင်တန်းသားများနှင့်အတူ နေ့လည်စာအတူတကွ သုံးဆောင်ကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် တာဝန်ရှိသူများနှင့်အတူ တက္ကသိုလ်ရှိ ရတနာခန်းမ၌ တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်သော အရာထမ်း၊ အမှုထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကိုတွေ့ဆုံ၍ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်များသည် မူလတည်ထောင်ဖွင့်လှစ်ချိန်ကပင် မြန်မာနိုင်ငံတော်အစိုးရအတွက် ဝန်ထမ်းအဖွဲ့ အစည်းများတွင် တာဝန်ထမ်းဆောင်သော ဝန်ထမ်းများအား ဌာနအလိုက် ကဏ္ဍအလိုက် ဝန်ထမ်းရာထူးအဆင့်ဆင့်အလိုက် တာဝန်ထမ်းဆောင်ရမည့် လုပ်ငန်းတာဝန်များကို မှန်မှန် ကန်ကန်ဖြင့် စည်းကမ်းတကျ ဆောင်ရွက်တတ်စေရန်၊ ပြည်သူ့အကျိုးစီးပွားကို သယ်ပိုးထမ်းရွက်လိုစိတ်ရှိသော နိုင်ငံတော်အပေါ်သစ္စာရှိသော ဝန်ထမ်းကောင်များ လေ့ကျင့်မွေးထုတ်ပေးရန် ဖြစ်ကြောင်း၊ နိုင်ငံရေးအရ အစိုးရအဖွဲ့အစည်းများ မည်သို့ပင်ပြောင်းလဲစေကာမူ နိုင်ငံ့ဝန်ထမ်းများပီပီ မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို တည်ငြိမ်စွာဖြင့် အရှိန်အဟုန်မပျက် တာဝန်ထမ်းဆောင်ရင်း ပြည်သူ့အကျိုးစီးပွားကို သယ်ပိုးရန်အရေးကြီးပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားအတွက် တာဝန်ထမ်းဆောင်သော ဝန်ထမ်းများကို လေ့ကျင့် သင်ကြားပေးရသည့်  တာဝန်ကိုထမ်းရွက်ကြရသည့်အတွက် မိမိတို့၏လုပ်ငန်းတာဝန် အပေါ် ဂုဏ်ယူကြရမည်ဖြစ်ပြီး၊ မိသားစုစိတ်ဓာတ်ဖြင့် အတူတကွ ရိုင်းပင်းဆောင်ရွက် ကြရန်လိုကြောင်း မှာကြားသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် ယနေ့တွင် တက္ကသိုလ်အတွင်းရှိ ဝန်ထမ်းအိမ်ရာ များသို့ သွားရောက်ကြည့်ရှုပြီး ဝန်ထမ်းမိသားစုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ တက္ကသိုလ်အတွင်း အကောင်အထည်ဖော်လျက်ရှိသော စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်