လွိုင်ကော်  ၁  နိုဝင်ဘာ           

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် အောက်တိုဘာ ၂၉ ရက်နေ့မှစ၍ ကြိုတင်ဆန္ဒမဲခွင့် ရှိသူများ လွတ်လပ်စွာ ဆန္ဒမဲပေးလျက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ် (ကယားပြည်နယ်တာဝန်ခံ)သည် ပြည်နယ်/ ခရိုင်/ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ကြိုတင်ဆန္ဒမဲပေးနေမှုများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ပေါ်ရှိ နောင်ယား(က)ရပ်ကွက်၊ နာနတ်တောရပ်ကွက်၊ ဒေါဥခူရပါကွက်နှင့် ဒေါပေါ်ကလဲကျေးရွာများရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် အသက်(၆၀) နှစ်အထက် မဲဆန္ဒရှင် သက်ကြီးရွယ်အိုများနှင့် ကြိုတင်ဆန္ဒမဲပေးခွင့် ရှိသူများ ကြိုတင်ဆန္ဒမဲပေးနေမှုများကို ကြည့်ရှုစစ်ဆေးပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး ယခုကာလသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် အချိန်ကာလဖြစ်သဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆန္ဒမဲပေးနိုင်ရေး စနစ်တကျ စီစဉ်ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

 

ထို့နောက် လွိုင်ကော်မြို့နယ်၊ လောပိတမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးများ၌ အသက်(၆၀) နှစ်အထက် မဲဆန္ဒရှင် သက်ကြီးရွယ်အိုများနှင့် ကြိုတင်ဆန္ဒမဲပေးခွင့် ရှိသူများ ကြိုတင်ဆန္ဒမဲပေးနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 

လွိုင်ကော်မြို့နယ်တွင် အသက်(၆၀) နှစ်အထက် မဲဆန္ဒရှင် သက်ကြီးရွယ်အို (၅၇၇၀) ဦးရှိပြီး မဲဆန္ဒရှင် သက်ကြီးရွယ်အိုများအနေနှင့် ကြိုတင်ဆန္ဒမဲများကို အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်ထိ လာရောက်မဲပေးနိုင်ကြောင်း၊ လုံခြုံရေးတာဝန်၊ မဲရုံများတွင်တာဝန်ထမ်းကြမည့် ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် အောက်တိုဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၇ ရက်နေ့အထိ လာရောက် မဲပေးနိုင်ကြောင်း၊ မဲရုံသို့မလာရောက်နိုင်သည့်သူများ နှင့် ကျန်းမာရေး မကောင်းမွန်သည့် သူများအနေဖြင့်  နိုဝင်ဘာ ၆ ရက်နေ့မှ နိုဝင်ဘာ ၇ ရက်နေ့အထိ ကျေးရွာ၊ ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များက အိမ်တိုင်ရာရောက် မဲပေးနိုင်ရန် စီစဉ်ဆောက်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)