ရန်ကုန် ဇန်နဝါရီ ၁၂

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံအထူးကိုယ်စားလှယ် H.E. Mr. Alounkeo Kittikhoun နှင့် မှတ်ပုံတင်ခွင့် ပြုပြီးသော တည်ဆဲ နိုင်ငံရေးပါတီများ တွေ့ဆုံပွဲများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ သတ်မှတ်နေရာအသီးသီး၌ ကျင်းပသည်။

 

ဦးစွာ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမရှိ ဧည့်တွေ့ဆောင်၌ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပ ပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများ၊ ကျင်းပမည့်ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြု စနစ် ကျင့်သုံးဆောင်ရွက်မည့်အခြေအနေနှင့် နိုင်ငံရေးပါတီများ တည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့် လျှောက်ထားမှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းပြောကြားပြီး အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကမေးမြန်းသည့် သိရှိလိုသည့်အချက်များအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ဖြေကြားကာ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများ တွေ့ဆုံခဲ့ကြပြီး ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ နိုင်ငံရေးပါတီဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း မေးမြန်းဆွေးနွေးခဲ့ကြသည်။

 

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ်၊ နိုင်ငံရေးပါတီ ၄၂ ပါတီမှ ဥက္ကဋ္ဌများ၊ ပါတီခေါင်းဆောင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)