မြင်းခြံ ၉ သြဂုတ်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်နှင့် မြင်းခြံခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ ခရိုင်နှင့်မြို့နယ် လူဦးရေစာရင်းကောက်ယူရေး လုပ်ငန်းအဖွဲ့များ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်က လူဦးရေစာရင်းကောက်ယူခြင်းနှင့် မဲဆန္ဒရှင်စာရင်း ပြုစုခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး၊ ကောက်ကွက်အလိုက် မှန်ကန်သည့် လူဦးရေစာရင်းရရှိရေး၊ အမှန်တကယ် ဆန္ဒမဲပေးနိုင်မည့် အခွင့်အရေးများ နစ်နာမှု၊ ဆုံးရှုံးမှုမရှိရေး၊ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရေးသည် အရေးကြီးကြောင်း အဖွင့်အမှာစကားတွင် ပြောကြားသည်။
မြင်းခြံမြို့နယ် လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းကြီးကြပ်အဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်က သြဂုတ်လ ပထမပတ်အထိ လူဦးရေစာရင်း ကောက်ယူပြီးစီးမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး မြင်းခြံမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိန်ဌေးဝင်းက ကောက်ယူပြီးစီးသည့် လူဦးရေစာရင်းများမှ မဲဆန္ဒရှင်စာရင်းများ ပြုစုဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် လုပ်ငန်းအခက်အခဲ ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်က ရှင်းလင်းတင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးမှာကြားပြီး နိဂုံးချုပ်စကား ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ် လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အရာရှိများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ဇော်မင်း(မြင်းခြံ)


