မန္တလေး ၃ နိုဝင်ဘာ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်(မန္တလေးတိုင်းဒေသကြီးတာဝန်ခံ)သည် တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့်အတူ ယနေ့ ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားလူမျိုး(လွှတ်တော်ကိုယ်စားလှယ်)နေရာအတွက် ဆန္ဒ မဲပေးနေမှု အခြေအနေများကို မဲရုံများသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဦးအောင်မြင့်သည် ယနေ့ မွန်းလွဲပိုင်းတွင် ချမ်းအေး သာစံမြို့နယ် မောရဂီဝါရပ်ကွက် မောရိယဓမ္မာရုံ၌ ဖွင့်လှစ်ထားရှိသည် မဲရုံနှင့် ချမ်းအေးသာစံမြို့နယ် အထက(၁၄) တွင် ဖွင့်လှစ်ထားရှိသည့် မဲရုံများသို့ သွားရောက်ပြီး မဲပေးနေသည့် အခြေအနေများ ကြည့်ရှု၍ မဲရုံမှူးနှင့် ကော်မရှင် အဖွဲ့ဝင်များအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ယနေ့ ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒနယ်မြေ သုံးခုအနက် မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် မဲပေးရွေးချယ်ကြမည့် မဲဆန္ဒရှင်စာရင်းမှာ ၂၂၁၈၆၅ ဦး၊ သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်နေရာအတွက် မဲပေးရွေးချယ်ကြမည့် မဲဆန္ဒရှင်စာရင်းမှာ ၄၉၆၂၂ ဦးနှင့် ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်မြေအတွက် မဲပေးရွေးချယ်ကြမည့် မဲဆန္ဒရှင်စာရင်းမှာ ၄၂၄၆၃ ဦး စုစုပေါင်း မဲဆန္ဒရှင်စာရင်းမှာ ၃၁၃၉၅၀ ရှိပြီး မဲရုံပေါင်း ၆၈၇ ရုံ ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
မန်းကိုယ်ပွားသတင်းအဖွဲ့