ပွင့်ဖြူ   ၃၁   အောက်တိုဘာ

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့် သည် တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများလိုက်ပါ၍ အောက်တိုဘာ ၃၁ ရက် ၊ ယနေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် အတွင်းရှိ မဲရုံများအား မဲဆန္ဒရှင်ပြည်သူများ အခက်အခဲမရှိ အဆင်ပြေစွာ မဲပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

 

ထိုသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးလှတင့်နှင့်တာဝန်ရှိသူများ အဖွဲ့သည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး မုန်းသီတာခန်းမတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဉက္ကဌနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်နှင့် ဌာနဆိုင်ရာများအား တွေ့ဆုံ၍ ပွင့်ဖြူမြို့နယ် အတွင်း လွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားရှိသော ညွှန်ကြားချက် များကို လည်းကောင်း ၊ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲလာရောက်ပေးရာတွင် အခက်အခဲမရှိ အဆင်ပြေစွာ မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ရန်ကိစ္စရပ်များ ၊ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားသည့်ကာလ ဖြစ်၍ မဲရုံများအလိုက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုများ အတိုင်း စနစ်တကျ စီစဉ်ဆောင်ရွက် ထားရှိရေးကိစ္စရပ်များကို လမ်းညွှန်မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးလှတင့်နှင့် တာဝန်ရှိသူများအဖွဲ့က ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ မဲရုံအမှတ်(၁)သို့ ရောက်ရှိပြီး အသက်(၆၀)နှင့် အထက် သက်ကြီးဘိုးဘွားများ ကြိုတင်မဲလာရောက်ပေးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာစွာ မဲပေးနိုင်ရေးအတွက် မဲရုံပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဉက္ကဌနှင့် အဖွဲ့ဝင်များ ၊ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များက မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲလာရောက် ပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ မဲပေးနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကဏ္ဍအလိုက် ရှင်းလင်းပြသရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးလှတင့်နှင့် တာဝန် ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင် ( ညောင်ဦး )