ရန်ကုန်  ၁   အောက်တိုဘာ
 
 
 
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးမြင့်နိုင် (ရန်ကုန်တိုင်း ဒေသ ကြီးတာဝန်ခံ) သည် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်မြင့်နှင့်အတူ နိုဝင်ဘာ(၃)ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်သော တာမွေမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နှင့် ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)တို့အတွက် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၁၄ ရက်ထိ မဲဆန္ဒရှင် စာရင်းကပ်ထားကြေညာနေမှုများကို ယနေ့နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးသည်။
 
 
 
 
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်နှင့်အဖွဲ့သည် တာမွေမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ပါဝင်သော မာန်အောင်ရပ်ကွက်၊ တာမွေကြီး(ခ)ရပ်ကွက်၊ မေတ္တာညွန့်ရပ်ကွက်နှင့် ကျားကွက်သစ် ရပ်ကွက် တို့သို့ သွားရောက်၍ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုများအား ကြည့်ရှုစစ်ဆေးရာ ရန်ကုန်အရှေ့ပိုင်းခရိ်ုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါက်တာကျော်စိုးဝင်းနှင့် တာမွေမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းပိုင်တို့က လိုက်လံရှင်းလင်း တင်ပြကြသည်။ 
 
 
 
ထို့နောက် ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) တွင် ပါဝင်သော ရဲရိပ်သာ ရပ်ကွက်နှင့် မိသားစုရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် မဲဆန္ဒရှင် စာရင်းကြေညာထားရှိမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမင်းဆွေက ရှင်းလင်းတင်ပြသည်။
 
 
 
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် (ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ)က မဲဆန္ဒနယ်အတွင်းရှိ ဆန္ဒမဲပေးခွင့်ရှိ သူများမဲပေးခွင့် မဆုံးရှုံးစေရေး၊ မဲစာရင်း လာရောက်ကြည့်ရှုပါက ရှာဖွေရလွယ်ကူ စေရန် မိသားစုအလိုက်ဖြစ်စေရေး ဆောင်ရွက်ထားရှိရန် မှာကြားပြီး ယခု ကြေညာသည့် မဲဆန္ဒရှင် စာရင်းတွင် အမည်ပါဝင်မှသာ မဲပေးခွင့် ရရှိမည်ဖြစ်ကြောင်း၊ မဲဆန္ဒ နယ်အတွင်းရှိ မဲဆန္ဒရှင်များ မဖြစ်မနေ လာရောက်ကြည့်ရှုကြရန် လိုအပ်ကြောင်း၊ မဲဆန္ဒရှင်စာရင်းပါ မဲစာရင်း အမှတ်စဉ်ကို မဲဆန္ဒရှင်များက မှတ်သားထားခြင်းဖြင့် ရွေးကောက်ပွဲနေ့ ဆန္ဒမဲပေးခြင်းကို ပိုမိုလွယ်ကူ မြန်ဆန်စေမည်ဖြစ်ကြောင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် နှိုးဆော် အသိပေးဆောင်ရွက်စေလိုပါကြောင်း ဖြည့်စွက် မှာကြားသည်။

(သတင်းစဉ်)