နေပြည်တော်     စက်တင်ဘာ    ၆

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဗဟိုမဲဆန္ဒရှင်စာရင်းများစီမံခန့်ခွဲမှုစနစ် (CVLMS) အဆင့်မြှင့်မွမ်းမံ ထားသည့်အခြေအနေ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ) ပါမောက္ခချုပ် ဒေါက်တာ အိအိလှိုင်နှင့် ပါမောက္ခ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ  တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်အနေဖြင့် CVLMS စနစ်ကို တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ ဝန်ထမ်းများ ကျွမ်းကျင်စွာအသုံးပြုနိုင်ရန် CVLMS စနစ်အသုံးပြု နည်းသင်တန်းများ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း၊ CVLMS စနစ်နှင့်ပတ်သက်၍ အတွေ့အကြုံများ၊ အကြံဉာဏ်များကို တစ်ဦးနှင့်တစ်ဦးမျှဝေနိုင်ရန် အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပခဲ့ပြီး အဆိုပါ အလုပ်ရုံဆွေးနွေးပွဲများကရရှိသည့် အကြံပြုချက်များအရ CVLMS စနစ်အဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယခုလို ဆောင်ရွက်ခြင်းဖြင့် Admin and DEO Software နှင့် CVLMS စနစ်ကို မဲစာရင်းများပြုစုရာတွင် မဲဆန္ဒနယ်များအလိုက် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်စု မဲရုံများအတွက် မဲဆန္ဒရှင်စာရင်းများနှင့် ရွေးကောက်ပွဲတစ်ရပ်၏ အချက်အလက်များကို အလွယ်တကူသတ်မှတ်ပြီး ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်သို့ အချိန်နှင့်တစ်ပြေးညီ အကြောင်းကြား နိုင်ခြင်း၊ မြို့နယ်၊ ရပ်ကွက်၊ကျေးရွာအုပ်စု၊ ကျေးရွာနယ်မြေများကို ပြောင်းလဲပြင်ဆင်ထပ်တိုး ပယ်ဖျက်ခြင်း များရှိပါက အချက်အလက်များထိခိုက်မှုမရှိဘဲ ပြင်ဆင်နိုင်ခြင်း၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ နှင့်အညီ မဲစာရင်းများကို မှန်ကန်ပြည့်စုံအောင် နည်းပညာဖြင့် ဆောင်ရွက်နိုင်ခြင်း၊ မဲရုံများ လွယ်ကူစွာ သတ်မှတ်နိုင်ခြင်း၊ မဲစာရင်းတွင် အသက် ၁၈ နှစ် မပြည့်သေးသူများ၊ သေဆုံးသူများ မပါဝင်စေရန်နှင့် မဲစာရင်းများ မထပ်စေရန် စိစစ်ဆောင်ရွက်နိုင်ခြင်းတို့အပြင် FPTP ၊ PR ရွေးကောက်ပွဲစနစ်နှစ်မျိုးလုံးတွင် အသုံးပြုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူတစ်ဦးက ဗဟိုမဲဆန္ဒရှင် စာရင်းများစီမံခန့်ခွဲ မှုစနစ် အဆင့်မြှင့်တင်ရခြင်းအကြောင်းရင်းများကို ရှင်းလင်းတင်ပြပြီး စနစ်ရေးဆွဲခဲ့သည့် နည်းပညာအဖွဲ့ အဖွဲ့ခေါင်းဆောင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)မှ ပါမောက္ခချုပ် ဒေါက်တာ အိအိလှိုင်က အဆင့်မြှင့်တင်ထားသည့် ဗဟိုမဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်နှင့်စပ်လျဉ်း၍ စနစ် တည်ဆောက်ထားမှု၊ လုံခြုံရေးစနစ်တည်ဆောက်ထားမှု၊ မဲဆန္ဒရှင်စာရင်းများ ထည့်သွင်းခြင်း၊ ပြင်ဆင်ခြင်း၊ ကြည့်ရှုခြင်း၊ စိစစ်ခြင်း၊ မြို့နယ်၊ ခရိုင်၊ တိုင်း၊ ဗဟိုအဆင့်ဆင့်က သတ်မှတ်တာဝန်များ ဆောင်ရွက်နိုင်မှု၊ မဲရုံအလိုက်မဲစာရင်းများရရှိအောင် ဆောင်ရွက်မှု၊ စနစ်အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ခဲ့မှု၊ ရွေးကောက်ပွဲစနစ် FPTP နှင့် PR နှစ်မျိုးလုံး အတွက် ဆောင် ရွက်နိုင်မှုတို့ကို အသေးစိတ် ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ နည်းပညာအဖွဲ့ကို  အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)