နေပြည်တော် ၂၇ နိုဝင်ဘာ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ပွင့်လင်းမြင်သာစွာ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် သတင်းထုတ်ပြန်ရေးအဖွဲ့မှ ရွေးကောက်ပွဲနှင့်စပ်လျဉ်းသည့် သတင်းများထုတ်ပြန်သည့် အစီအစဉ်ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ကျင်းပရာ သတင်းထုတ်ပြန်ရေး အဖွဲ့ဝင်များဖြစ်ကြသော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်၊ ဦးသန်းဌေး၊ ဦးဆွေတင့်လွင်၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ သတင်းမီဒီယာအဖွဲ့ (၁၉) ဖွဲ့မှ သတင်းမီဒီယာသမား (၄၀)တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုပြီးစီးမှုနှင့် ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်း ရရှိရန်အတွက် နိုင်ငံရေးပါတီများ၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် ရွေးကောက်ပွဲဆိုင်ရာ သတင်းမှန်များကို ပြည်သူလူထုသိရှိစေရန် ရည်ရွယ်၍ အပတ်စဉ် သတင်းထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် သတင်းမီဒီယာအဖွဲ့များမှ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မေးမြန်းမှုများကို သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်