ရန်ကုန် ၁၃   စက်တင်ဘာ   

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ကြီးကြပ်လမ်းညွှန်ဆောင်ရွက်ခြင်း အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်း ကျင်းပသည်။ 

အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင် (ရန်ကုန် တိုင်းဒေသကြီးတာဝန်ခံ)၊ ရန်ကုန်တိုင်းဒေသကြီးရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်မြင့်၊ အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီး နှင့် ခရိုင် ရွေးကောက်ပွဲအရာရှိများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ၂၀၂၀ ရွေးကောက်ပွဲကို ဟန်ပြမဟုတ်ဘဲ စံပြအဖြစ်ဆောင်ရွက်မည်ဟု ပြောကြား လိုပါကြောင်း၊ ထိုသို့ ပြောကြားရခြင်းမှာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တွင် တာဝန်ထမ်း ဆောင်လျက်ရှိသော အများယုံကြည်လေးစားခြင်းခံရသော ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ အားလုံး စံ(၅)ချက်နှင့်အညီ ဆောင်ရွက်ကြမည်ဆိုသည်ကို အမှန်တကယ်ယုံကြည်ကိုးစား၍ ပြောကြားခြင်းဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် မဲဆန္ဒရှင်စာရင်းသည် အကျယ်ပြန့်ဆုံး၊ အကြီးမားဆုံး လုပ်ငန်းစဉ်တစ်ခုဖြစ်ပါကြောင်း၊ မဲဆန္ဒရှင်စာရင်းပြုစုရာတွင် အသက်(၁၈) နှစ်ပြည့်ပြီးသူနိုင်ငံသားတိုင်း မဲဆန္ဒရှင်စာရင်းတွင်ပါဝင်ရေး အလေးထား ဆောင်ရွက် ပေးကြပါရန်နှင့် သတ်မှတ်ချိန်မီပြီးစီးရေးအတွက် တိုက်တွန်းလိုပါကြောင်း၊ ကော်မရှင်တွင် ပါဝင်ဆောင်ရွက်နေကြသူများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊  နည်းဥပဒေများ နှင့် လုပ်ငန်းလမ်းညွှန်များကို ကျွမ်းကျင်အောင်လေ့လာထားပြီး ရွေးကောက်ပွဲလုပ်ငန်းများကို ကြီးကြပ်နိုင်စွမ်းရှိအောင်နှင့် ၂၀၂၀ ရွေးကောက်ပွဲကို ချောမောအောင်မြင် စွာကျင်းပနိုင်ရန် ပြင်ဆင်ဆောင်ရွက်ကြစေ လိုပါကြောင်း မှာကြားသည်။

သတင်းစဉ်