နေပြည်တော် ၃၀ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ရန် အိမ်အခြေပြု မှိုစိုက်ပျိုးရေးစီမံချက် မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မသန်စွမ်းသူများ၏ အခွင့်အရေးဖော်ဆောင်ရေးနှင့် ကာကွယ်ပေးနိုင်သော ဥပဒေများကို ပြဋ္ဌာန်းထားပြီးဖြစ်၍ မသန်စွမ်းသူများ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးမှုသည် ပိုမိုပီပြင်ကာ မျှော်မှန်းထားသည့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးသည် လူမှုသဟဇာတဖြစ်ရေး၊ ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးတို့နှင့် ဆက်စပ်နေပါကြောင်း။
မသန်စွမ်းသူများနှင့်စပ်လျဉ်း၍ စွမ်းနိုင်သမျှစွမ်းအောင် ကြိုးစားဆောင်ရွက်ရန်နှင့် ထောက်ပံ့ရန်လိုအပ်ပါကြောင်း၊ ငွေကြေးပုံမှန် ထောက်ပံ့ပေးရုံသာမက ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးတို့တွင် စွမ်းဆောင်ရည်မြင့်မားရေးအတွက် စီစဉ်ဆောင်ရွက်ရန်နှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ လေ့ကျင့်ပေးနိုင်ခြင်းသည် အလွန်အရေးကြီးကြောင်း၊ ဝန်ကြီးဌာနမှ မသန်စွမ်းသူများနှင့် စပ်လျဉ်း၍ ကူညီပံ့ပိုးပေးမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငွေကြေးထောက်ပံ့မှု ဆောင်ရွက်ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မသန်စွမ်းသူများ၏ အမည်စာရင်းကောက်ယူပြီး ကနဦးပံ့ပိုးမှုလုပ်ငန်းကို စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရ၏ ဆောင်ရွက်မှုများအပြင် ပြင်ပအဖွဲ့ အစည်းများ၏ ပါဝင်မှုသည်အရေးကြီးပါကြောင်း၊ ရွှေမင်းသားဖောင်ဒေးရှင်းအနေဖြင့် မသန်စွမ်းသူများအတွက် အဖက်ဖက်မှ နည်းလမ်းပေါင်းစုံဖြင့် ပိုမိုဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ရွှေမင်းသားဖောင်ဒေးရှင်း၏ မှိုလုပ်ငန်းစီမံချက် ဆောင်ရွက်ခြင်းသည် နည်းပညာဖြင့် ဆောင်ရွက်မှုဖြစ်ပြီး မသန်စွမ်းသူများအတွက် ထိရောက်သော အလုပ်အကိုင် ဖန်တီးပေးမှုဖြစ်သည်ဟု ယုံကြည်ပါကြောင်း။
မသန်စွမ်းသူများအတွက် မှိုစိုက်ပျိုးရေးသင်တန်းကို နိုင်ငံတော်အစိုးရ၊ APCD ဖောင်ဒေးရှင်းနှင့် ရွှေမင်းသားဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၈ ခုနှစ် မေ ၂၉ ရက်မှ ယခုအချိန်ထိ ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုအခမ်းအနားသည် မသန်စွမ်းသူများ၏ အလုပ်အကိုင် အခွင့်အလမ်းများရရှိရန် စံနမူနာဖြစ်ပြီးမသန်စွမ်း သူများ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ခြင်းဖြစ်သကဲ့သို့ အစိုးရ၏ ဆောင်ရွက်မှုများအတွက် အင်အားတစ်ရပ်ဖြစ်ပါကြောင်း ပြောကြားသည်။
အိမ်အခြေပြု မှိုစိုက်ပျိုးရေးစီမံချက်သည် မသန်စွမ်းသူများအနေဖြင့် ဝင်ငွေတိုးစေမည့် အသက်မွေးဝမ်းကျောင်း သင်တန်းဖြစ်သည်။ သင်တန်းမှတစ်ဆင့် တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်အိမ်တွင်း မှိုစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် တစ်နှစ်စီမံချက်ဖြစ်၍ မသန်စွမ်းသူများနှင့် မသန်စွမ်းမိသားစုဝင် (၁၃၂)ဦးခန့်နှင့် စီမံကိန်းနယ်မြေအတွင်းရှိ မှိုစိုက်ပျိုးသူ (၈)ဦးခန့်တို့ကို တိုက်ရိုက်အကျိုးခံစားခွင့် ရရှိမည်ဖြစ်ပြီး မသန်စွမ်းမိသားစုဝင် ၇၀ဝ ခန့်ကိုလည်း သွယ်ဝိုက်၍ အကျိုးခံစားခွင့်ရရှိမည်ဖြစ်သည်။
အဆိုပါစီမံချက်ကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်၊ ရေကြည်၊ ဓနုဖြူနှင့် ဟင်္သာတ မြို့နယ်များတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်း၏ မျှော်မှန်းရလဒ်များဖြစ်သည့် မသန်စွမ်းသူများ၏ အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာ အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုများ၊ ငွေကြေးစီမံခန့်ခွဲ့မှုဆိုင်ရာ ကျွမ်းကျင်မှုများ တိုးတက်ခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် မသန်စွမ်းသူများ၏ ပါဝင်မှုကို မြှင့်တင်ခြင်းဖြင့် စီးပွားရေးဆိုင်ရာ လုပ်ဆောင်မှုများတွင် မသန်စွမ်းသူများ၏ ထုတ်လုပ်စွမ်းအားရှိသော လူသားအရင်းအမြစ်များအဖြစ် အသိအမှတ်ပြုလာစေခြင်း၊ မသန်စွမ်းသူများ၏ ကိုယ်ပိုင်ယုံကြည်မှု၊ ကိုယ်ပိုင်ဂုဏ်သိက္ခာနှင့် မိမိကိုယ်ကို လေးစားမှုတိုးမြှင့်လာစေခြင်း၊ အစိုးရဝန်ကြီးဌာနများနှင့် မသန်စွမ်းအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာမည်ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)