နေပြည်တော် ဩဂုတ် ၁၄
မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ် မဲပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်လွင်ဦးနှင့် ဦးကိုကိုလွင်၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် ဝန်ကြီးဌာနမှ အရာထမ်း အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင် က မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM) နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူက Myanmar Electronic Voting Machine (MEVM) စမ်းသပ်တည်ဆောက်ထားရှိမှုနှင့် ပတ်သက်၍ ထိန်းချုပ်စက် (Control Unit) ၊ ဆန္ဒပြုစက် (Ballot Unit)၊ ဆန္ဒပြုချက်မှန်ကန်မှု ရှိ/မရှိ ပြသသောစက် (Verification Unit)၊ မဲပုံးနှင့် ဘက်ထရီများ ဖွဲ့စည်း တည်ဆောက်ထားရှိမှု၊ ထည့်သွင်းအသုံးပြုထားသည့် စက်များနှင့် အသုံးပြုရခြင်း ရည်ရွယ်ချက်များ၊ မဲပေးစက်မှ မဲရလဒ်များ ထုတ်ယူရေတွက်ခြင်း၊ မဲပေးစက်ကို ထုပ်ပိုးသိမ်းဆည်းခြင်းနှင့် မဲပေးစက်၏ လုံခြုံစိတ်ချရမှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့က မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်း၍ ဖြည့်စွက် အကြံပြုဆွေးနွေးသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်း ၈၆ ဦး တို့က မြန်မာအီလက်ထရောနစ်မဲပေးစက်အား လေ့လာကြည့်ရှုပြီး လက်တွေ့အသုံးပြု၍ စမ်းသပ်မဲ ပေးခြင်းများကို ဆောင်ရွက်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများသည် စက်မှုဝန်ကြီးဌာနသို့ သွားရောက်ပြီး မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်းနှင့် လက်တွေ့ သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ရာ အရာထမ်း၊ အမှုထမ်း ၈၅ ဦး တက်ရောက်၍ လက်တွေ့မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)