နေပြည်တော် စက်တင်ဘာ ၁၂

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင် နှင့် ဒေါက်တာလင်းအောင်၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဉီးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး အရာထမ်း၊ အမှုထမ်း ၁၂၉ ဦးက မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြဆန္ဒမဲပေးခဲ့ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် Myanmar Electronic Voting Machine (MEVM) စက်အား  ဝန်ကြီးဌာန/အဖွဲ့အစည်း အသီးသီးသို့ လိုက်လံရှင်းလင်း စမ်းသပ်မဲပေးစေခြင်းဖြင့် MEVM အသုံးပြု မဲပေးခြင်းလုပ်ငန်းစဉ်များကို မဲဆန္ဒရှင်ပြည်သူများ ပွင့်လင်းမြင်သာစွာ လက်တွေ့ကျကျ သိရှိနားလည်ပြီး ပြည်သူအများ လက်ခံယုံကြည်သည့် ရွေးကောက်ပွဲများ ဖော်ဆောင်သွားနိုင်မည်ဖြစ်သည်။ ယနေ့အထိ ဝန်ကြီးဌာနအဖွဲ့အစည်း ၃၆ ခု၌ အရာထမ်း၊ အမှုထမ်းစုစုပေါင်း ၇၅၂၄ ဦးတို့မှ လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်