နေပြည်တော် ဩဂုတ် ၁၈
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယနေ့ နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လည်းကောင်း၊ မွန်းလွဲပိုင်းတွင် သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လည်းကောင်း ကျင်းပသည်။
အခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ဦးအေးထွန်းနှင့် ဒေါ်နုမြဇံ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်၍ လက်တွေ့မဲပေးခြင်းများ ဆောင်ရွက်ကြသည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးနှင့် ဦးကိုကိုလွင်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ကြသည်။
ရှင်းလင်းဆွေးနွေးခြင်းနှင့်သရုပ်ပြပွဲများသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း (၁၁၇) ဦး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း(၂၄၀) တက်ရောက် ကြပြီး မဲပေးစက်ဖြင့် လက်တွေ့ ဆန္ဒမဲပေးခဲ့ကြသည်။
ယင်းမဲပေးစက်ကို အမေရိကန်ပြည်ထောင်စု၊ ဘယ်လ်ဂျီယံ၊ ဘရာဇီး၊ ပြင်သစ်၊ အာဂျင်တီးနား၊ အိန္ဒိယ၊ ဗင်နီဇွဲလား စသည့် ကမ္ဘာ့နိုင်ငံပေါင်း ၃၄ နိုင်ငံတို့တွင် အသုံးပြုလျက်ရှိသော မဲပေးစက်ဒီဇိုင်းပုံစံများ၊ မဲပေးစက်များနှင့် မဲပေးခြင်းစနစ်များကိုလေ့လာ၍ တီထွင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
မဲပေးစက်အသုံးပြု၍ မဲပေးရာတွင် မဲဆန္ဒရှင်ပြည်သူများအတွက် ပိုမိုရှင်းလင်းလွယ်ကူပြီး မဲရလဒ်များ ကိုလည်း တိကျမှန်ကန်စွာဖြင့် မြန်ဆန်စွာ ရေတွက်နိုင်မည်ဖြစ်သည်။ စက်ဖြင့် မဲပေးခြင်းဖြင့် မဲလက်မှတ်များ ရိုက်နှိပ်ဖြန့်ဝေ ဆောင်ရွက်ရာတွင် ဖြစ်ပေါ်ခဲ့ရသော မဲမသမာမှုများ မဖြစ်ပေါ်နိုင်သည့်အပြင် ပယ်မဲများ မရှိတော့သည့်အတွက် မဲဆန္ဒရှင်များ၏မဲများ ပယ်မဲကြောင့် အဟောသိကံဖြစ်ခဲ့ရခြင်းလည်း မရှိနိုင်တော့ သည့်အပြင် မဲလက်မှတ်ရိုက်နှိပ်မှုစရိတ်နှင့် မဲရုံသုံးပစ္စည်းဝယ်ယူမှုစရိတ်များ လျှော့ချနိုင်မည့် အကျိုး ကျေးဇူးများစွာရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)