နေပြည်တော် ဩဂုတ် ၂၂

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို  ယနေ့နံနက်ပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမနှင့် မွန်းလွဲပိုင်းတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန  ဝဏ္ဏသိဒ္ဓိအားကစားရုံ (ဘီ) တို့၌ ကျင်းပသည်။

အခမ်းအနားများသို့ ပြည်‌ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် နှင့် ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်၍ လက်တွေ့မဲပေးခြင်းများကို ဆောင်ရွက်ကြသည်။

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး နှင့် ဦးကိုကိုလွင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ကြသည်။

ရှင်းလင်းဆွေးနွေးခြင်းနှင့်သရုပ်ပြပွဲများသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း(၁၆၆) ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း(၄၅၀) တက်ရောက်ပြီး မဲပေးစက်ဖြင့် လက်တွေ့ဆန္ဒမဲပေးကြသည်။

မဲဆန္ဒရှင်ပြည်သူ တစ်ယောက်အနေဖြင့် Myanmar Electronic Voting Machine (MEVM) စက်အသုံးပြု၍ ဆန္ဒမဲပေးရာတွင် မိမိမဲပေးရွေးချယ်ခဲ့သည့် ပါတီ/ကိုယ်စားလှယ်၏ တံဆိပ် အမှတ်အသားပါ ဆန္ဒမဲဖြတ်ပိုင်းသည် ပရင်တာမှ ထွက်ပေါ်လာမည်ဖြစ်ပြီး ၃ စက္ကန့်အကြာတွင် အောက်ဘက်ရှိ မဲပုံးအတွင်းသို့ အလိုအလျောက်ကျဆင်းသွားသည်ကို မြင်တွေ့နေရသည့်အတွက် ပွင့်လင်းမြင်သာ၍ စိတ်ချယုံကြည်စွာ မဲပေးနိုင်မည်ဖြစ်သည်။

မဲပေးခြင်း လုပ်ငန်းစဉ်ပြီးဆုံးပြီး မဲလက်မှတ်များကို စိစစ်ရန်လိုအပ်ပါက မဲရလဒ်များ ဖော်ပြသည့် ဖြတ်ပိုင်းကို မဲဆန္ဒရှင်များ ဆန္ဒပြုခဲ့သည့် ဆန္ဒမဲဖြတ်ပိုင်းများနှင့် တိုက်ဆိုင်စစ်ဆေးနိုင်မည်ဖြစ်၍ ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ လက်တွေ့စမ်းသပ်ဆန္ဒမဲပေးသူများ၏ ဆန္ဒမဲ‌ပေးပြီး ပြန်လည်စစ်ဆေးကြည့်ရှုမှုများအရ ဆန္ဒမဲပေးမှုများမှာ ရာနှုန်းပြည့် မှန်ကန်မှုရှိကြောင်း တွေ့ရှိရသည့်အတွက် MEVM စက်ဖြင့် ဆန္ဒမဲပေးခြင်းသည် မသမာမှုမရှိနိုင်ကြောင်းနှင့် ယုံကြည်စိတ်ချရမှု အပြည့်အဝရှိကြောင်း တွေ့ရသည်။

ထို့ပြင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ လက်တွေ့စမ်းသပ်မဲပေးခြင်းမှတစ်ဆင့် ကြုံတွေ့ရသည့် အခြေအနေများအပေါ် အကြံပြုဆွေးနွေးချက်များရှိပါက ယင်းအကြံပြုချက်များအပေါ် ပြန်လည် သုံးသပ်၍ ပိုမိုကောင်းမွန်သည့်စနစ်အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်