ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများအား  ရွေးကောက်ပွဲကော်မရှင် ဥပဒေနှင့်အညီ စစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၇

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ ပုဒ်မ ၁၀ ( ဌ ) တွင် ပြဋ္ဌာန်းထားသော “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ နိုင်ငံရေးပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း ” ဆိုသည့် တာဝန်နှင့်အညီ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့် ပစ္စည်းများစုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ တို့ကိုစစ်ဆေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်သည့် ဦးစောဘလှိုင်နှင့် ဦးဘရန်ရှောင်တို့ဦးဆောင်ပြီး စာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့မှ ဌာနဆိုင်ရာ ကိုယ်စားလှယ်များပါဝင်သည့် စစ်ဆေးရေးအဖွဲ့သည် ရန်ကုန်မြို့အခြေစိုက်ဖြစ်သော ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ၊ ခေတ်သစ်ပြည်ထောင်စုပါတီ၊ လူထုပါတီ ( The Party for People ) နှင့် ပြည်သူ့အင်အားပါတီတို့ကို ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်