နေပြည်တော် အောက်တိုဘာ ၂၀
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရမည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိရာ မဲပေးပိုင်ခွင့်ရှိသည့်မဲဆန္ဒရှင်များ မဲစာရင်းတွင်ပါရှိရေး၊ မဲဆန္ဒရှင်ပြည်သူများ ဥပဒေနှင့်အညီ လွတ်လပ်စွာမဲပေးခွင့်ရရှိရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဝင်းနှင့် ဒေါ်နုမြဇံ တို့သည် အောက်တိုဘာ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်နှင့် ပေါင်မြို့နယ်တို့တွင်လည်း ကောင်း၊ အောက်တိုဘာ ၁၄ ရက်မှ ၁၆ရက်အထိ မွန်ပြည်နယ် မော်လမြိုင်ခရိုင်အတွင်းရှိ သံဖြူဇရပ်မြို့နယ်၊ မုဒုံမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းဆုံမြို့နယ်၊ မော်လမြိုင်မြို့နယ်တို့တွင် လည်းကောင်း မြို့နယ် အသီးသီး၏ လျာထားမဲဆန္ဒရှင် စာရင်းများအား စိစစ်ခြင်း၊ လျာထားမဲရုံတည်နေရာ များအား စိစစ်အတည်ပြုခြင်းများအပြင် မြို့နယ် အသီးသီးတွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်းများနှင့်စပ်လျဉ်း၍ စိစစ်တွက်ချက်အတည်ပြုခြင်းများကို ဆောင်ရွက် ခဲ့ကြပြီး လိုအပ်ချက်အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ခြင်းကို သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမများတွင် ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာမြို့နယ်များရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူးများ ၊ တပ်နယ်မှူးများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ် ဦးစီးမှူးများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာ အုပ်စုများရှိ ရပ်/ကျေးစာရေးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
( သတင်းစဉ် )