နေပြည်တော် ၂၁ ဇွန်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများစုပေါင်း၍ ရွေးကောက်ပွဲ ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲအား ယနေ့ နံနက် ၁၀ နာရီတွင် မုံရွာမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်အောင် (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) တက်ရောက်ပြီးတိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးများ၊ နိုင်ငံရေးပါတီ ၉ ပါတီမှ တာဝန်ရှိသူများ၊ ရွေးကောက်ပွဲဆိုင်ရာလူထုအသိပညာပေး လုပ်ငန်းဆောင်ရွက်နေသော အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ မသန် စွမ်းသူများအရေးဆောင်ရွက်နေသော အဖွဲ့အစည်းများ၊ အမျိုးသမီးကဏ္ဍ မြှင့်တင်ရေး ဆောင်ရွက်နေသောအဖွဲ့အစည်းများ၊ သတင်းမီဒီယာများအပါအဝင် အရပ်ဖက်လူမှု အဖွဲ့ အစည်း ၁၄ ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်အောင်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲများကိုလွတ်လပ်ရမည်၊ တရားမျှတရမည်၊ ပွင့်လင်းမြင်သာမှုရှိရမည်၊ အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲဖြစ်ရမည်၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ်တစ်ထပ်တည်းဖြစ်ရမည်ဟူသော စံ၅ရပ်နှင့်အညီကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို အချိန်ဇယားရေးဆွဲချမှတ်ပြီးဆောင်ရွက်လျက်ရှိပါကြောင်း၊
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ယခု ၂၀၁၉ ခုနှစ်ကို မဲဆန္ဒရှင်စာရင်းပြုစုသည့် နှစ်အဖြစ် သတ်မှတ်ပြီးဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားများ အားလုံး မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်စေရေးနှင့် မှန်ကန်တိကျသော မဲဆန္ဒရှင်စာရင်းများရရှိစေရေးအတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်းရေးဆွဲထားသည့် လူဦးရေစာရင်း အချက်အလက် များကောက်ယူပြုစုခြင်း၊ အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာ လုပ်ငန်းစီမံချက် အားအကောင် အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ အဆိုပါစီမံချက်ကို အပိုင်း(၁) လူဦးရေ စာရင်းအချက် အလက်များကောက်ယူပြုစုခြင်းနှင့် စိစစ်ခြင်း၊ အပိုင်း(၂) အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်း၊ အပိုင်း(၃) ပြောင်းလဲနေသောလူဦးရေစာရင်းနှင့် အခြေခံ မဲဆန္ဒရှင်စာရင်းများကို လစဉ်ပြုစုခြင်း၊ ပြင်ဆင်ခြင်း၊ ထိန်းသိမ်းခြင်း၊ အပိုင်း(၄) အခြေခံမဲဆန္ဒရှင် စာရင်းကပ်ထား ကြေညာခြင်းဟူ၍ အပိုင်းလေးပိုင်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
တိုင်းဒေသကြီး/ပြည်နယ်အဆင့်၊ ခရိုင်အဆင့် လုပ်ငန်းကြီးကြပ်ရေးအဖွဲ့များ၊ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စု လူဦးရေစာရင်းကောက်ယူရေးလုပ်ငန်းအဖွဲ့များဖွဲ့စည်းတာဝန်ပေးအပ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ် ကြောင်း၊ လူဦးရေစာရင်းနှင့် အချက်အလက်များ ကောက်ယူ ပြုစုခြင်းနှင့်စိစစ်ခြင်းအား အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနကအဓိကတာဝန်ယူဆောင်ရွက် ပေးမည်ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက စိစစ်ပေးမည်ဖြစ်ကြောင်း၊ မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားများမဲ ပေးခွင့်မဆုံးရှုံးစေရေးနှင့် မှန်ကန်တိကျသည့် မဲဆန္ဒရှင်စာရင်း ရရှိရေးအတွက် အဆိုပါလူဦးရေ စာရင်းနှင့် အချက်အလက်များမှန်ကန်ပြည့်စုံစွာရရှိရေးမှာ လွန်စွာ အရေးကြီး ပါကြောင်း၊ လူဦးရေ စာရင်းကောက်ယူသည့်အဖွဲ့များလာရောက်ချိန်တွင် အချက် အလက်များမှန်ကန်စေရေးအတွက် မဲဆန္ဒရှင်ပြည်သူလူထု၏ ပူးပေါင်းကူညီဆောင်ရွက်မှု လိုအပ်ပါကြောင်း နှင့် နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများအနေဖြင့် လည်းမဲဆန္ဒရှင် အသိ ပညာပေး လုပ်ငန်းများကိုတစ်ဖက် တစ်လမ်းက ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးတင်ဦးကတိုင်းဒေသကြီး အတွင်းရွေးကောက်ပွဲ အကြိုကာလလုပ်ငန်းဆောင်ရွက်မှုများအားရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ရွေးကောက်ပွဲအရာရ ှိဦးအောင်မျိုးလွင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဟာဗျူဟာစီမံကိန်း ၂၀၁၉-၂၀၂၂ နှင့် လူဦးရေစာရင်းအချက်အလက်များကောက်ယူပြုစုခြင်း၊ အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်ကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသောရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေး ပါတီများနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၏ အကြံပြုဆွေးနွေးချက်များနှင့် သိရှိလိုသည်များကိုပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်အောင်ကပြန်လည် ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)