နေပြည်တော် ၃၀ ဇန်နဝါရီ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် Facebook Team တို့ပူးပေါင်း၍ လူမှုအသိုင်း အဝိုင်းနှင့် ဆက်သွယ်ခြင်း (Connecting with Communities) ဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းတက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆွေးနွေးပွဲသို့ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ Facebook Team မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် သတင်းအချက်အလက် အကြောင်းအရာများကို ပြည်သူလူထုသိရှိစေရန် ကော်မရှင်၏ Website၊ နိုင်ငံပိုင်ရုပ်သံမီဒီယာနှင့် သတင်းစာများမှတစ်ဆင့် ပုံမှန်ထုတ်လွှင့်ဖော်ပြပေးလျက်ရှိပါကြောင်း၊ ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် သတင်းအမှားများ၊ သတင်းအတုများ ကာကွယ်တားဆီးနိုင်ရန် ရည်ရွယ်၍ ရွေးကောက်ပွဲဆိုင်ရာ သတင်းအမှန်ထုတ်ပြန်ရေးအစီအစဉ်ကို ကော်မရှင်ရုံးတွင် အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် UEC Facebook Page ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်အသုံးပြုခဲ့ပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ယာယီရပ်နားခဲ့ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် First Time Youth Voters (၄) သန်းခန့်ရှိလာမည် ဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် ပြည်သူလူထုအသိပညာပေးလုပ်ငန်း (Civic Education) နှင့် မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်း (Voter Education) များ ဆောင်ရွက်ရန်နှင့် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များကို ပြည်သူလူထုထံသို့ ထိရောက်စွာနှင့် လျင်မြန်စွာ ရောက်ရှိစေရန်အတွက် UEC Facebook Page ကို မကြာမီကာလတွင် ပြန်လည်အသုံးပြုသွားမည် ဖြစ်ပါကြောင်း၊ UEC Facebook Page အသုံးပြုရာတွင် စနစ်တကျရှိစေရန်အတွက် ဆိုရှယ်မီဒီယာ အသုံးပြုမှုဆိုင်ရာ ကြီးကြပ်ရေးကော်မတီ၊ အထောက်အကူပြုလုပ်ငန်းအဖွဲ့နှင့် ဆိုရှယ်မီဒီယာ စောင့်ကြည့်ရေးလုပ်ငန်းအဖွဲ့တို့ကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။
၎င်းနောက် Facebook Team မှ Director of Public Policy, Southeast Asia ဖြစ်သူ Mr. Ratael Frankel က နှုတ်ခွန်းဆက်စကားပြောကြားပြီး တက်ရောက်လာသူများက ရွေးကောက်ပွဲဆိုင်ရာ Facebook အသုံးပြုမှုနှင့် Community Standard ဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်