နေပြည်တော် ၁၈ စက်တင်ဘာ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် International Foundation for Electoral Systems (IFES) တို့ ပူးပေါင်း၍ ဆိုရှယ်မီဒီယာ အသုံးပြုမှုဆိုင်ရာ မဟာဗျူဟာနည်းလမ်းများနှင့် ရုံးတွင်းအသုံးပြုမှုလမ်းညွှန် သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး သင်တန်းခန်းမ၌ ကျင်းပသည်။

 

8489

 

အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ IFES မှ တာဝန်ရှိသူများ၊ နည်းပြဆရာများနှင့် ကော်မရှင်ရုံးမှ အရာထမ်း သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဉီးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် Facebook မှတစ်ဆင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတင်းအချက်အလက်များ ထိရောက်စွာ အသုံးပြုနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ အရာထမ်းများအတွက် မွမ်းမံသင်တန်း ဖြစ်ပါကြောင်း၊ ယနေ့မျက်မှောက်ခေတ် လူမှုဆက်ဆံရေးနယ်ပယ်တွင် ဆိုရှယ်မီဒီယာ (Social Media) သည် အရေးကြီးသော အခန်းကဏ္ဍတစ်ခုအဖြစ် နေရာယူလာပြီ ဖြစ်ပါကြောင်း၊ ဆိုရှယ်မီဒီယာ စာမျက်နှာများသည် အသုံးပြုမှုများပြားလာပြီး သတင်းအချက်အလက်မျှဝေရာ နေရာတစ်ခုအဖြစ် အသုံးပြုလာကြသည်ကို တွေ့ရပါကြောင်း၊ ဆိုရှယ်မီဒီယာ အသုံးပြုခြင်းသည် အကျိုးကျေးဇူးများ ရှိသကဲ့သို့ အန္တရာယ်များ၊ စိန်ခေါ်မှုများလည်း ရှိပါကြောင်း၊ စိန်ခေါ်မှုများဖြစ်သည့် အဆိုးမြင် တင်ပြချက်များ၊ သတင်းအမှားများ၊ တရားမဝင် စာမျက်နှာများ၊ စာမျက်နှာအတုများ စသည်တို့ကို သတိပြု ဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းများကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် (၂၀၁၉-၂၀၂၂) မဟာဗျူဟာစီမံကိန်း အခန်း (၅)တွင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်နှင့် သက်ဆိုင်သော အချက်အလက်များ၊ စာရွက်စာတမ်းများအား ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် Website နှင့် Social Media တို့မှရယူ၍ ပိုမိုထိရောက်စွာ အသုံးပြုနိုင်ရေးဆောင်ရွက်ခြင်းကို ထည့်သွင်းရေးဆွဲထားပါကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထုထံ သတင်းအချက်အလက် အမြန်ဆုံးရောက်ရှိနိုင်မည့် Facebook ကိုလည်း အသုံးပြုသွားရမည် ဖြစ်ပါကြောင်း။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ် မဲပေးကြမည့် လူငယ်များ (First Time Youth Voter) (၅) သန်းခန့် ရှိမည်ဖြစ်ပြီး လူငယ်များ ရွေးကောက်ပွဲတွင် ပါဝင်လာစေရန် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များ အသိပေးရမည်ဖြစ်ပါကြောင်း၊  ထို့ကြောင့် လူငယ်များနှင့် ထိတွေ့မှုရှိပြီး ဖြစ်သည့် Facebook ကို အသုံးပြုပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် လူငယ်များ စိတ်ပါဝင်စားစွာနှင့် တက်ကြွစွာပါဝင်လာစေရေး စည်းရုံးလှုံ့ဆော်ပေးရမည် ဖြစ်ပါကြောင်း၊ Facebook အသုံးပြုပြီး ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သိထားသင့်သည့့် အချက်များ၊ ဆောင်ရန်၊ ရှောင်ရန်များကို ယနေ့သင်တန်းက ပို့ချပေးသွားမည်ဖြစ်ပါကြောင်း၊ သတင်းအချက်အလက်ပေးရန် ရည်ရွယ်ပြီး Facebook ကို အသုံးပြုရာတွင် လိုက်နာဆောင်ရွက်သင့်သည့် အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်များ ဖော်ထုတ်၍ ဆိုရှယ်မီဒီယာ အသုံးပြုမှုလမ်းညွှန်(မူကြမ်း) တစ်ခုရရန်အတွက် ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊  သင်တန်းသား၊ သင်တန်းသူများအနေဖြင့် တိုးတက်လာသည့် နည်းပညာများနှင့်အညီ ထိရောက်စွာ အသုံးချ၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ချမှတ်ထားသည့် စံ(၅)ချက်နှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။ 

 

8523

 

ယင်းနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ အဆိုပါ သင်တန်းသည် တစ်ရက်တာ ပြုလုပ်မည့် သင်တန်းဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်