မန္တလေး ၇ ဩဂုတ် 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

 

7634

 

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲများကိုကျင်းပရာတွင် ချမှတ်ထားသောစံ (၅)ချက်ဖြစ်သည့် လွတ်လပ်ရမည်၊ တရားမျှတရမည်၊ ပွင့်လင်းမြင်သာမှုရှိရမည်၊ အများယုံကြည် လက်ခံမှုရှိရမည်၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်ရမည်ဆိုသည့် အချက်များနှင့်အညီ ကျင်းပလျက်ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ်ကို အခြေခံမဲဆန္ဒရှင်စာရင်းပြုစုသည့်နှစ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားများအားလုံး မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်စေရေးနှင့် အမှားအယွင်းကင်းသော မဲဆန္ဒရှင်စာရင်းများ ရရှိစေရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့ ပူးပေါင်းရေးဆွဲထားသည့် လူဦးရေစာရင်းအချက်အလက်များ ကောက်ယူပြုစုခြင်း၊ အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ အဆိုပါစီမံချက် အပိုင်း(၁) တွင် လူဦးရေစာရင်းအချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် စိစစ်ခြင်း၊ အပိုင်း(၂)တွင် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ အပိုင်း(၃)တွင် ပြောင်းလဲနေသော လူဦးရေစာရင်းနှင့် အခြေခံမဲဆန္ဒရှင် စာရင်းများကို လစဉ်ပြုစုခြင်း၊ ပြင်ဆင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် အပိုင်း(၄)တွင် အခြေခံမဲဆန္ဒရှင် စာရင်းကပ်ထားကြေညာခြင်းဟူ၍ အပိုင်းလေးပိုင်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

လူဦးရေ စာရင်းအချက်အလက်များ ကောက်ယူပြုစုခြင်းကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အဓိက တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက စိစစ်ပေးမည်ဖြစ်ကြောင်း၊ ကောက်ယူရရှိသည့် စာရင်းများကိုသက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများက မဲဆန္ဒရှင်စာရင်းအဖြစ် စိစစ်ပြုစုသွားမည် ဖြစ်ပါကြောင်း၊ မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားများ မဲပေးခွင့်မဆုံးရှုံးစေရေးနှင့် မှန်ကန်တိကျသည့် မဲဆန္ဒရှင်စာရင်းရရှိရေးအတွက် လူဦးရေစာရင်းနှင့် အချက်အလက်များ မှန်ကန်ပြည့်စုံစွာရရှိရေးမှာ လွန်စွာအရေးကြီးပါကြောင်း၊ လူဦးရေစာရင်း ကောက်ယူသည့်အဖွဲ့များ လာရောက်ချိန်တွင် အချက်အလက်များမှန်ကန်စေရေး မဲဆန္ဒရှင် ပြည်သူလူထု ပူးပေါင်းကူညီဆောင်ရွက်စေရန်အတွက် နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများအနေဖြင့် မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။ 

ယင်းနောက် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၂)ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဦးကျော်ကျော်စိုးက လူဦးရေအချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။ 
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော နိုင်ငံရေးပါတီများနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၏ မေးမြန်းချက်များနှင့် အကြံပြုဆွေးနွေးချက်များကို ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်