နေပြည်တော် ဖေဖော်ဝါရီ ၁၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ကော်မရှင်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ ၄၃ ပါတီမှဥက္ကဋ္ဌများ၊ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက လာမည့်ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေး နိုင်ငံရေးပါတီများနှင့်အတူ အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ပြင်ဆင်လျက်ရှိပြီး ထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် ပြင်ဆင်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ပါတီဝင်အင်အားပြည့်မီရေးနှင့် သတ်မှတ်ပါတီရုံးခန်းများ ပြည့်မီရေးကို ဆောလျင်စွာ ပြည့်မီအောင်ဆောင်ရွက်စေလိုကြောင်း၊ ပါတီရုံးခန်းများ ဖွင့်လှစ်ရာတွင် လိုအပ်ချက်များရှိပါက ကော်မရှင်အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံရေးပါတီများ၏ ဘဏ္ဍာငွေစုဆောင်းထိန်းသိမ်း၊ သုံးစွဲခြင်းကိုလည်း စနစ်တကျဖြစ်စေရေး ဆောင်ရွက်ထားကြရန်လိုကြောင်း၊ ပါတီရန်ပုံငွေသုံးစွဲခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၇ (ခ) တွင် ပါတီရန်ပုံငွေကို ကော်မရှင်က ထုတ်ပြန်သည့် အမိန့်သို့မဟုတ် ညွှန်ကြားချက်နှင့်အညီ သုံးစွဲရန်ထည့်သွင်းပြဋ္ဌာန်းထားကြောင်း၊ ယင်းပြဋ္ဌာန်းချက်အတိုင်း ကော်မရှင်ကလိုအပ်သည့် ညွှန်ကြားချက်များကို အမြန်ဆုံးထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး ပါတီများကလည်း ညွှန်ကြားချက်များနှင့်အညီ သုံးစွဲကြရန်လိုကြောင်း။

ရွေးကောက်ပွဲ ကျင်းပရာတွင် ကော်မရှင်၊ နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင်ပြည်သူများ ပူးပေါင်းဆောင်ရွက်ကြမှသာ အောင်မြင်မည်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများကို ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရေး ကြီးကြပ်ပေးရမည် ဖြစ်သကဲ့သို့ နိုင်ငံရေးပါတီများ၏ လိုအပ်ချက်များကိုလည်း ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်ရေးကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပါတီများအနေဖြင့် ခိုင်မာအားကောင်းသော ပါတီများဖြစ်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများက မိမိတို့ပါတီနှင့် မိမိတို့ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများကို မဲပေးရေးအတွက် မှန်ကန်သော မဲဆွယ်စည်းရုံးရေး ဆောင်ရွက်ရန်လိုအပ်ပြီး မဲဆန္ဒရှင်များ၏ မှန်ကန်သော မဲပေးရွေးချယ်မှုရရှိစေရန် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများရွေးချယ်ရာ၌ အမှန်တကယ်အရည်အချင်းရှိသူများကို ရွေးချယ်ကြရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကိုလည်း လွတ်လပ်တရားမျှတစွာ ကျင်းပနိုင်ရေးပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကော်မရှင်က ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံရေးပါတီများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များက ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

သတင်းစဉ်