နေပြည်တော် ဒီဇင်ဘာ ၂၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲစနစ်ဆိုင် ရာဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မင်္ဂလာခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးဥပဒေချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ယနေ့ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ စတုတ္ထအကြိမ်မြောက် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၊ မေလနှင့် အောက်တိုဘာလများတွင် တွေ့ဆုံခဲ့ချိန်၌ မြန်မာနိုင်ငံနှင့်သင့်လျော် ကိုက်ညီသည့် ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးနိုင်ရေး ဆွေးနွေးခဲ့ကြရာ နိုင်ငံရေးပါတီများကလည်း စာတမ်းများ တင်ပြဖတ်ကြားခဲ့သကဲ့သို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့်လည်း ဆောင်ရွက်သင့်သည့် အခြေခံအချက်များကို အကျယ်တဝင့် ရှင်းလင်းခဲ့ပြီး ဖြစ်ပါကြောင်း။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများက တင်ပြခဲ့သည့် စာတမ်းများကို အလေးထားလေ့လာခဲ့ပြီး နိုင်ငံရေးပါတီအချင်းချင်း ဆွေးနွေးညှိနှိုင်းရန်၊ အချိန်ပေးကာ တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်နိုင်ရန် နိုဝင်ဘာ ၂၂ ရက်က အကြောင်းကြားပြင်ဆင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ယနေ့တွင် အစုအဖွဲ့အလိုက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်များအတွက် PR စနစ်အရ ဆောင်ရွက်သင့်သည့် ရွေးကောက်ပွဲဒီဇိုင်းကို နှစ်ရက်တာအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် မူဘောင်အတွင်းမှ ဆွေးနွေးညှိနှိုင်း၍ သုံးရက်မြောက်နေ့တွင် အစုအဖွဲ့အလိုက်ဆွေးနွေးရရှိ လာသည့် PR စနစ်ရွေးကောက်ပွဲဒီဇိုင်း စာတမ်းတစ်စောင်စီကို ဖတ်ကြားဆွေးနွေးသွားမည် ဖြစ်ကြောင်း။
လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲများဖြစ်ရန် ဆောင်ရွက်ကြရာတွင် သာတူညီမျှ ယှဉ်ပြိုင်နိုင်သောအခြေအနေကို ဖန်တီးပေးရန်လိုအပ်သကဲ့သို့ ဥပဒေနှင့်ညီညွတ်မှု ရှိရန်ကိုလည်း အလေးထားရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲစနစ်နှင့်ရွေးကောက်ပွဲလုပ်ငန်းစဉ်များ မှန်ကန်မှသာ ပြည်သူအများကို ကိုယ်စားပြုသော ပြည်သူ့ကိုယ်စားလှယ်များ ရွေးချယ်နိုင်မည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်နိုင်ရန်အတွက် ရွေးကောက်ပွဲစနစ်များဖော်ဆောင်ခြင်း၊ ရွေးကောက်ပွဲနယ်မြေ များသတ်မှတ်ခြင်း၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများကျင်းပခြင်းတို့ ဆောင်ရွက်ရာတွင် PR စနစ်ကို ကျင့်သုံးခြင်းဖြင့် ပါတီအများအပြားသည် ရွေးကောက်ပွဲတွင်ရရှိသည့် ဆန္ဒမဲများအရ အချိုးကျကိုယ်စားလှယ်များရရှိကာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးကဏ္ဍများတွင် ပါဝင်ဆောင်ရွက်လာနိုင်မည် ဖြစ်ကြောင်း၊ တိုင်းရင်းသားမျိုးနွယ်စု ပါတီငယ်လေးများ၏ ကိုယ်စားလှယ်များ လွှတ်တော်သို့ ဝင်ရောက်နိုင်သည့် အခွင့်အရေးကိုလည်း ရရှိလာ မည်ဖြစ်ပြီး မဲဆန္ဒရှင်အများစု၏ အခွင့်အရေးရရှိမည့်အပြင် မဲဆန္ဒရှင်တစ်ဦးခြင်းစီ၏ အခွင့်အရေးလည်း ရရှိမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် အားလုံးပါဝင်ဆောင်ရွက်မှု ( All Inclusive ) သဘောတရားအား ဖော်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း၊ လွှတ်တော်အတွင်း တစ်ပါတီကြီးစိုး လွှမ်းမိုးမှုကိုလျော့ချပြီး ပါတီစုံပါဝင်နိုင်ခြင်းဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ နိုင်ငံတော် အခြေခံမူဖြစ်သည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ကို ကျင့်သုံးနိုင်မည် ဖြစ်ကြောင်း။
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက် ပါလီမန်ဒီမိုကရေစီခေတ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ (၃) ကြိမ်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပခဲ့သည့် ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ် နှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (၃) ကြိမ်၊ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ( ၂ ) ကြိမ်တို့တွင် မဲအများဆုံးရသူ အနိုင်ရစနစ် ( FPTP ) ကို ကျင့်သုံးခဲ့သော်လည်း ပြောင်းလဲလာသည့် ခေတ်အခြေအနေအရ မြန်မာနိုင်ငံ၏ အခြေအနေနှင့်ကိုက်ညီသင့်လျော်သော ရွေးကောက်ပွဲစနစ်မျိုးကို ပြောင်းလဲ ဆောင်ရွက်ရန် လိုအပ်လာပြီဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံ အသီးသီးတွင်လည်း အချိုးကျကိုယ်စားပြု စနစ်ဖြင့် လွှတ်တော် ရွေးကောက်ပွဲများကျင်းပသည့် နိုင်ငံပေါင်း (၁၁၁) နိုင်ငံရှိလာပြီဖြစ်ကြောင်း၊ ယနေ့ ဆွေးနွေးပွဲတွင် ရွေးကောက်ပွဲစနစ်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်နှင့် နိုင်ငံရေး ပါတီများ သဘောတူညီခဲ့ပြီးဖြစ်သည့် PR စနစ်ဖြင့် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်များတွင် လိုက်လျောညီထွေ ကျင့်သုံးဆောင်ရွက်နိုင်မည့် ရွေးကောက်ပွဲဒီဇိုင်းကို အကြေအလည်ညှိနှိုင်းပြီး ဆွေးနွေးကြရန်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီ (၆၂)ပါတီ၊ ဆွေးနွေးမည့်သူ (၁၁၅) ဦးကို အစုအဖွဲ့ (၆) ဖွဲ့ အနေဖြင့် ပြည်သူ့လွှတ်တော် (၂) ဖွဲ့၊ အမျိုးသားလွှတ်တော် (၂) ဖွဲ့၊ တိုင်းဒေသကြီး / ပြည်နယ်လွှတ်တော် ( ၂ ) ဖွဲ့စီဖြင့် ပါတီ အကြီးအငယ်အလိုက် မျှတရန် စုဖွဲ့ထားကြောင်း၊ အစုအဖွဲ့အလိုက် ဆွေးနွေးကြရာတွင် အဆင်ပြေစေရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များနှင့် အထောက်အကူပြု ရုံးဝန်ထမ်းများက ဝိုင်းဝန်းကူညီပေးသွားကြ မည်ဖြစ်ကြောင်း၊ အဖွဲ့လိုက် ဆွေးနွေးရာတွင်လည်း မိမိပါတီသဘောထားကို တရားသေဆုပ်ကိုင်ထားခြင်းထက် အကြံဉာဏ်ကောင်းများ ဖလှယ်ခြင်း၊ ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ခြင်းတို့ဖြင့် ကောင်းမွန်သော ရွေးကောက်ပွဲစနစ်များ ရရှိလာနိုင်မည်ဟု ယုံကြည်ကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းခဲ့သည်မှာ ဆယ်စုနှစ် တစ်စုကျော်သာ ရှိခဲ့သည့်အလျောက် ဒီမိုကရေစီကို အကြောင်းပြု၍ ရှုထောင့်အမျိုးမျိုးဖြင့် ဝင်ရောက်ခြယ်လှယ် လွှမ်းမိုးချုပ်ကိုင်ရန် ဆောင်ရွက်မှုများ၊ ပါတီတစ်ခုတည်းကသာ ရွေးကောက်ပွဲအနိုင်ရလိုပြီး နိုင်ငံတော်အာဏာကို မတရားရယူနိုင်ရန် ဆောင်ရွက်ခဲ့မှုများကြောင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲပယ်ဖျက်ခဲ့ရသည်အထိ ဖြစ်ပွားခဲ့ရသည်ကို သင်ခန်းစာယူရမည်ဖြစ်ကြောင်း၊ ပထဝီဝင်အနေအထားအရ ပြောင်းလဲကျင့်သုံးလာသည့် ပထဝီနိုင်ငံရေး၏ အရေးပါမှုအပေါ် အင်အားကြီးနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်မှုများကိုလည်း သတိပြုဆောင် ရွက်ကြရန်လည်း လိုအပ်ကြောင်း၊ ဒီမိုကရေစီကျင့်သုံးရာတွင် အများဆန္ဒဖြင့် ဆောင်ရွက်ကြ သော်လည်း အခြေခံ အကျဆုံးဖြစ်သည့် တရားဥပဒေကို စောင့်ထိန်းလိုက်နာကျင့်သုံးခြင်း၊ စည်းကမ်းလိုက်နာခြင်း၊ အမှန်တရားကိုလက်ခံပြီး ဖြောင့်မတ်တည်ကြည်ခြင်း စသည့် အခြေခံအချက်များကို လိုက်နာကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပါတီနိုင်ငံရေးဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အလေးထားလိုက်နာဆောင်ရွက်ကြရန်၊ တည်ဆဲဥပဒေများကို လိုက်နာနိုင်ရန်နှင့် မိမိတိုင်းပြည်၊ လူမျိုး၊ ယဉ်ကျေးမှု၊ ဓလေ့၊ ထုံးစံများနှင့် ဆီလျော်သည့် ရွေးကောက်ပွဲစနစ်မျိုး ဖော်ဆောင်နိုင်ရေး အလေးထားဆွေးနွေးပေးကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲစနစ်ဆိုင်ရာ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြီးနောက် ဒုတိယပိုင်းအစီ အစဉ်အဖြစ် နိုင်ငံရေးပါတီ အစုအဖွဲ့ (၆) ဖွဲ့တို့က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်တို့အတွက် PR စနစ်အရ ဆောင်ရွက်သင့်သည့် ရွေးကောက်ပွဲဒီဇိုင်းများကို ဆက်လက်ဆွေးနွေးကြပြီး ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၅ ရက်နှင့် ၂၆ ရက် အထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)