မန္တလေး ဇန်နဝါရီ ၁၇

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရန်အတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး သည် ကော်မရှင်အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး၊ ‌အောင်မြေသာစံမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက လာရောက်စမ်းသပ်မဲပေးကြသည့် ပညာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ နိုင်ငံရေးပါတီများမှ ပါတီဝင်များနှင့် မဲဆန္ဒရှင်ပြည်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ MEVM စက်ဖြင့် စမ်းသပ်မဲပေးသည့်အပြင် လာမည့်ရွေးကောက်ပွဲများတွင် မဲရုံအဖွဲ့ဝင်များအဖြစ် မဲရုံတာဝန်ထမ်းဆောင်ကြမည့် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် MEVM စက်အား လက်တွေ့ကိုင်တွယ် ဆောင်ရွက်ရမည့်သူများဖြစ်၍ ကိုယ်တိုင် ကြိုတင်စမ်းသပ်ကိုင်တွယ်‌လေ့ကျင့်ဆောင်ရွက်ရန် မှာကြားသည်။


ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌသည် မန္တလေးခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ တိုင်းဒေသကြီး၊ မန္တလေးခရိုင်နှင့် မြို့နယ်များမှ ရွေးကောက်ပွဲအရာရှိများကို တွေ့ဆုံ၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပေးပို့သည့် အသက် ၁၈ နှစ်နှင့်အထက် လူဦးရေစာရင်းများအား CVLMS (Central Voters List Management System) ဆော့ဝဲလ်စနစ်အတွင်း ထည့်သွင်းနေမှု ၊ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် မဲဆန္ဒရှင်ပြည်သူများ စမ်းသပ် သရုပ်ပြမဲပေးခြင်း အသိပညာပေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရန်ကိစ္စရပ်များကို မှာကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် Myanmar Electronic Voting Machine (MEVM)စက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အသိပညာပေးလုပ်ငန်းများကို နေပြည်တော်ရှိ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများဖြင့် ဆောင်ရွက်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် အသိပညာပေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အောင်မြေသာစံမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်များမှ မဲဆန္ဒရှင် (၁၃၁၀) က စမ်းသပ်မဲပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်