နေပြည်တော် ဧပြီ ၂၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ဒုတိယဥက္ကဋ္ဌ ဦးသန်းစိုးတို့သည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးအနီး ထိန်းသိမ်းဧရိယာ၌ ငလျင်ဒဏ် သင့်ဝန်ထမ်း အိမ်ထောင်သည် ၁၀၈ ဦးနှင့် ယင်းတို့၏ မိသားစုဝင် ၁၅၂ ဦး၊ လူပျို/အပျို ၇၂ ဦး စုစုပေါင်းဝန်ထမ်း ၁၈၀ တို့ ယာယီနေထိုင်ရန် ယာယီဘာရှာအဆောက်အအုံများ ဆောက်လုပ် နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
အမြန်ပြီးစီးအောင်တည်ဆောက်
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများက ဆောင်ရွက်မည့် အစီအစဉ်နှင့် မြေနေရာ ရှင်းလင်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ရေ၊ မီး အဆင်ပြေစေရေး၊ မိုးကာလသွားလာရန်လမ်းများ ကောင်းမွန်အောင်ဆောင်ရွက် ရေး၊ သန့်စင်ခန်းများ စနစ်တကျဖြစ်ရေး၊ မီးတားလမ်းဆောင်ရွက်ရေးနှင့် ရေစီးမြောင်းများ ဆောင်ရွက်ရေး၊ လုံခြုံရေးနှင့်စပ်လျဉ်း၍ လိုအပ်သည်များကိုမှာကြားပြီး အဆောက်အအုံ ဆောက်လုပ်မည့်မြေနေရာ ဆောင်ရွက်နေမှုကို ကြည့်ရှုကာ တာဝန်ရှိသူများအား အမြန်ပြီးစီးအောင် တည်ဆောက်ကြရန် မှာကြားသည်။
ဆက်လက်၍ ယာယီမိုးကာတဲဖြင့် နေရာချထားသော မိသားစုများနေထိုင်မှုကို လိုက်လံကြည့်ရှု၍ မိသားစုများကို အားပေးစကားပြောကြားပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်