နေပြည်တော်၊ ဖေဖော်ဝါရီ ၅

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုသည် ကော်မရှင်အဖွဲ့ဝင်များနှင့် ဝန်ထမ်းများအား ယနေ့ မွန်းလွဲ ၂  နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ၊ အစည်းအဝေး ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပဉ္စမမြောက်ရှေ့လုပ်ငန်းစဉ်တွင် ပါဝင်သည့် ‘လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ’ ကို ကျင်းပ ပေးရမည်ဖြစ်ကြောင်း၊ လာမည့်ရွေးကောက်ပွဲသည် သာမန်အထွေထွေရွေး‌ကောက်ပွဲနှင့် မတူဘဲ ၂၀၂၀ ပြည့်နှစ်တွင် အမည်ပျက်သိက္ခာကျခဲ့ရသော ရွေးကောက်ပွဲဂုဏ်သိက္ခာကို ပြန်လည်ဆယ်တင်သည့် ရွေးကောက်ပွဲ၊ မဲဆန္ဒရှင်များနှင့် နိုင်ငံရေးပါတီများ၏ ယုံကြည်မှုကို ပြန်လည်ရယူရမည့် ရွေးကောက်ပွဲဖြစ်ခြင်းကြောင့် သမိုင်းတင်ရမည့် ရွေးကောက်ပွဲ ဖြစ်ကြောင်း။

ရွေးကောက်ပွဲဆိုသည်မှာ ကော်မရှင်၊ ပါတီနှင့် မဲဆန္ဒရှင်တို့ အပြန်အလှန် ဆက်သွယ် ယှက်နွယ်နေသည့် အလုပ်ဖြစ်ပါကြောင်း၊ ကော်မရှင်က လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေး၊ ပါတီများကို ဥပဒေနှင့်အညီ ကူညီရေး၊ ထိန်းကျောင်းရေး၊ မဲဆန္ဒရှင်များကို မီဒီယာမှတစ်ဆင့် ပညာ‌ပေး လှုံ့ဆော်ရေးအလုပ်များကို လုပ်ရပါကြောင်း၊ ပါတီများက မဲဆန္ဒရှင်များကို ဟောပြောစည်းရုံးရေး၊ အရည်အချင်းပြည့်ဝသည့် ကိုယ်စားလှယ် လောင်းများကို ရွေးချယ်လျာထားရေးတို့အား ဆောင်ရွက်ကြရပါကြောင်း၊ မဲဆန္ဒရှင်များကလည်း မိမိတို့၏ ဥပဒေပါအခွင့်အရေး မဆုံးရှုံးရအောင် မပျက်မကွက် မဲပေးရေး၊ နိုင်ငံ့အကျိုး၊ ရပ်ရွာအကျိုး သယ်ပိုးမည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ဆန္ဒပြုရေးတို့ကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အဓိကမောင်းနှင်အားမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စု၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများအပြင် အချိန်တန်သည့်အခါ အများယုံကြည်လေးစားသည့် ပုဂ္ဂိုလ်များကို စိစစ်ဖွဲ့စည်းရန်၊ လေ့ကျင့်ပညာပေးရန်လုပ် ဆောင်သွားရမည်ဖြစ်ကြောင်း။

ရွေးကောက်ပွဲ၏အသက်သည် မဲစာရင်းဖြစ်ပါကြောင်း၊ မဲစာရင်းမှန်ကန်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနထံမှ ပေးပို့လာသည့် ပုံစံ (၆၆/၆) ပါ စာရင်းများကို ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရရှိသည့် မြေပြင်စာရင်းနှင့် တိုက်ဆိုင်စစ်‌ဆေးပြီး ကွန်ပျူတာထည့်သွင်းသည့်လုပ်ငန်းကို အမှားအယွင်း မရှိအောင် လုပ်ဆောင်ကြရန်လိုကြောင်း၊ ဥပဒေ၊ နည်းဥပဒေများသည်လည်း မဲစာရင်းကဲ့သို့ အရေးကြီးကြောင်း၊ အတည်မပြုရသေးသည့် ဥပဒေများကို အမြန်ဆုံးအတည်ပြုနိုင်ရေး ဆောင်ရွက်ပြီး နည်းဥပဒေများ ရေးဆွဲဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်ပြီးပါက ကော်မရှင်အဖွဲ့ခွဲများကို ဖြန့်ဝေခြင်း၊ ပါတီများအား ပေးပို့ခြင်း၊ မဲဆန္ဒရှင် ပြည်သူများကို လေ့လာနိုင်အောင် ဆောင်ရွက်ရန်ရှိသည်များကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ အရာထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

 

mdn