နေပြည်တော် ဩဂုတ် ၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H. E. Mr. Mongkol Visitstump အား ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး၊ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများ၊ နိုင်ငံရေးပါတီများနှင့်စပ်လျဉ်း၍ ဆောင်ရွက် နေမှုများ၊ ရွေးကောက်ပွဲကျင်းပနိုင်ရေး ထိုင်းနိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက် နိုင်မည့် အခြေအနေများကို မေးမြန်းဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှု၊ နိုင်ငံရေး ပါတီများ တည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့်များ ခွင့်ပြုလျက်ရှိသည့် အခြေအနေနှင့် စိစစ်ဆောင်ရွက်နေသည့် အခြေအနေ၊ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်နေမှုများ၊ မြန်မာ အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနိုင်ရေးအတွက် ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင်နှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက် နိုင်မည့်အခြေအနေများနှင့် နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


