နေပြည်တော် ၁၀ ဇန်နဝါရီ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီး H.E. Mr. Scot Marciel ၊ ဥရောပသမဂ္ဂအဖွဲ့ရုံးမှ သံအမတ်ကြီးH.E. Mr. Kristian Schmidt ၊ ကနေဒါနိုင်ငံသံအမတ်ကြီး H.E. Mrs. Karen Mac Authur တို့ အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဖွဲ့စည်းမှု၊ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့မှု၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် ဖွဲ့စည်းမှုနှင့် Capacity Building ဆောင်ရွက်ခဲ့မှု၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဟာဗျူဟာစီမံကိန်း ရေးဆွဲဆောင်ရွက်နေမှုတို့အား ရှင်းလင်းပြောကြားခဲ့ပြီး သံအမတ်ကြီးများ၊ ဩစတြေးလျသံရုံးမှ ယာယီတာဝန်ခံ Mr. Jeremy Kruse နှင့် ဗြိတိန်သံရုံးမှ Mr. Joe Rolling တို့က ကျင်းပပြီးစီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် မဲရုံများသို့ သွားရောက်လေ့လာခဲ့မှုနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန်အတွက် အကြံပြုချက်များအား ရှင်းလင်းပြောကြားခဲ့ကြသည်။ ၎င်းနောက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကူညီဆောင်ရွက်မည့် အခြေအနေများနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
( သတင်းစဉ် )