နေပြည်တော် ၇ ဇွန်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး Ms. Tone Tinnes နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော၊ ပွင့်လင်းမြင်သာမှုရှိပြီး အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေ၊ အမျိုးသမီးများ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပိုမိုပါဝင်လာနိုင်စေရေး၊ ရွှေ့ပြောင်းလုပ်သားများနှင့် စစ်ဘေးရှောင်စခန်းများရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒမဲပေးနိုင်ရေး စီစဉ်ထားရှိမှု၊ လူမှုကွန်ရက်ပေါ်တွင် အမုန်းစကားများ၊ သတင်းအမှားများ ဖြန့်ဝေခြင်းတို့တားဆီးရေး ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို အကြံပြုဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)